ဆက်ကြေးမပေးတဲ့အတွက် တောင်ပြုံးနတ်နန်းကို PDF တွေက မီးတင်ရှို့ ဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 08, 2023

Facebook အကောင့်တစ်ခုဖြစ်တဲ့ May Mrat Kyaw ဆိုတဲ့ အကောင့်တစ်ခုကနေ  တောင်ပြုံး မင်းနှစ်ပါးနတ်နန်း မီးလောင်မှုမှာ PDF တွေက တောင်ပြုံးနန်းထိန်းကို ဆက်ကြေးပေးဖို့ ခြိမ်းခြောက်တောင်းဆိုခဲ့တာမှာ မပေးတာကြောင့် မီးရှို့ထွက်ပြေး ကြတယ်ဆိုတဲ့ လုပ်ကြံသတင်းတစ်ပုဒ်ကို ဖြန့်ဝေလာခဲ့တာကို တွေ့ရပါတယ်။

 

သူရဲ့ ရေးသားထားချက်မှာတော့ ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့ နောက်ဆုံးထားပြီး သိန်း ၃၀၀ ဆပ်ကြေးပေးဖို့ တောင်းဆိုတာကို မပေးတာမို့ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

 

လုပ်ကြံသတင်းဖြန့်ဝေထားသည့် Link – https://archive.ph/aPEdf

 

အဲဒီပို့စ်ကို ဒီဇင်ဘာ ၇ ရက်နေ့ က စတင်ဖြန့်ဝေလာခဲ့တာဖြစ်ပြီး မနေ့‌ေ ဒီဇင်ဘာ ၈  ရက်နေ့  ညနေ ၁ နာရီခွဲ၀န်းကျင်အထိ ပျံ့နှံ့မှုက  like & react ၂၀၀ ကျော် ၊ မျှဝေမှု ၄၇ ခု နဲ့ မှတ်ချက်ပေးမှု ၈ ခု ရှိတာ တွေ့ရပါတယ်။ ဒီလိုပို့စ်ကို အခြား စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖြန့်ဝေထားကြပြီး ပျံ့နှံ့မှုဟာ သုံးသောင်းကျော်ထိ ရှိနေပါတယ်။

 

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသည့် Linl – https://archive.ph/JM3eN

 

ဒီသတင်းအကြောင်းအရာနဲ့ ပက်သက်ပြီး  စုံစမ်းစိစစ်ခဲ့ရာမှာ ဒီဖြစ်စဥ်ဟာ သာမာန်မီးလောင်တာဖြစ်ပြီး

တော်လှန်ရေးတပ်ဖွဲ့၀င်တွေနဲ့ ပြည်သူတွေအကြား ထင်ယောင်ထင်မှားဖြစ်စေဖို့ လှည့်ဖျားလိုတဲ့ တင်ဆက်မှုတွေနဲ့ လိုသလိုအသုံးပြုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

 

တကယ့် သတင်းဖြစ်စဥ်အမှန်ကိုတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေဖြစ်တဲ့ Mizzima – News in Burmese နဲ့ DVB  TV News တွေရဲ့ ဖော်ပြချက်တွေအရ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းရွာအုပ်စု၊ နန်းကြီးရွာမှာရှိတဲ့ မင်းနှစ်ပါးနတ်နန်း တောင်ဘက်က လူနေအိမ်တွေမှာ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက မီးလောင်ပြီး  အိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်လို့ မန္တလေးမြို့ခံ ကယ်ဆယ်ရေးအသင်းတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားဖော်ပြထားပြီး လူထိခိုက်တာ‌တော့ မရှိပါဘူးလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

 

ဒီသတင်းမှားကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားကတော့ တကယ့် အစစ်မှန် သတင်းအရင်းအမြစ်ရဲ့ အမည်ကို အယောင်ဆောင် ယူသုံးထားတာဖြစ်ပြီးတော့ အယောင်ဆောင်တင်ဆက်ချက် (Imposter Content) ဖြစ်နေတာ တွေ့ရပါတယ်။

 

ဖတ်ရှုရန်သတင်းအမှန်များ Link  – https://archive.ph/f3F6f

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news