စေတုတ္တရာက အိမ်ခြေ တစ်ရာကျော်မီးရှို့ခံရမှု စစ်တပ်လုပ်ရပ်မဟုတ်ဟု စစ်ကောင်စီငြင်း

Author မင်းထက်
Categories
Published on Feb 28, 2024

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးရွာကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ နေအိမ်များကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် သတင်းမှာ လုပ်ကြံသတင်းများသာဖြစ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့်  ငြင်းဆိုထားသည်။

 

စစ်ကောင်စီ၏ မည်မျှပင်ငြင်းချက်များထွက်ပေါ်သော်လည်း  ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်က လုံးကြီးရွာ ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၄၅၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ဘေးရှောင်များကို ကူညီနေသူများထံက သိရသည်။

” ပြီးခဲ့တဲ့ ၂၅ ရက်က စစ်ကောင်စီရဲ့ အင်အား ၁၅၀ လောက်ရှိတဲ့  ကပစ ၂၀ ၊  ခလရ ၂၅၃ ၊ ၂၅၄၊ ၂၅၅ ပူးပေါင်းစစ်ကြောင်းက လက်ပံကျင်းကျေးရွာကနေ လုံးကြီးကျေးရွာကို လာတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်တာက ၉နာရီကနေ ၁နာရီထိ ၄နာရီကြာခဲ့တယ်။ အင်အားမမျှလို့ တော်လှန်ရေးတပ်တွေက ခံစစ်အနေနဲ့ နောက်ဆုတ်တဲ့အချိန် လုံးကြီးကျေးရွာ မီးရှို့ခံရတာပါ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် People Supporter Foundation မှ တာဝန်ခံ မဦးဇွန်က ပြောသည်။

 

ယင်းဒေသကို စလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်များနှင့် ပျူစောထီးအဖွဲ့များပူးပေါင်းပြီး စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ လုပ်ရပ်ကြောင့် လုံးကြီးကျေးရွာ အိမ်ခြေ ၁၁၀ ခန့်နှင့် လူဦးရေ ၄၅၀ ကျော်နေထိုင်သည့် လုံးကြီးရွာမှာ နေအိမ် ၁၀၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များအတွက် မြေပြင်မှာအခက်ခဲများစွာရှိနေသောကြောင့် အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ရှောင် အကူအညီပေးနေသူများက ပြောသည်။

 

ကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင် ရွာလုံးကျွတ်မီးရှို့မခံရမီအချိန်က လေးနာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်အင်အားမမျှ၍ တော်လှန်ရေးတပ်များ ခွာစစ်ဆင်ချိန်တွင် ကျေးရွာကို ၀င်ရောက်မီးရှို့ခံရကြောင်း မင်းဘူး ခရိုင်တပ်ရင်း ၃မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“လေးနာရီကြာ ထိတွေ့မှု ဖြစ်ခဲ့တယ်။ စကစဘက်က ထိခိုက်မှုတွေရှိပြီး လေးငါးယောက်လောက် သေးဆုံးနိုင်တယ်။ တော်လှန်ရေးရဲဘော်တွေ အထိခိုက်အနည်းငယ်ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် ထိတွေ့တိုက်ခိုက်မှုများကို စေတုတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊  မင်းဘူး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊  တောင်တွင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း ၂ နှင့်  မင်းဘူးခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။

 

နိုင်ငံတစ်၀န်းတွင် စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီတပ်သားများကြောင့်  နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar ၏ စာရင်းများအရ သိရသည်။