စိုက်ပျိုးရေးအဆင့်မြှင့်တင်မည်ဆိုသည့် မင်းအောင်လှိုင်လက်ထက် တရုတ်မှ ပန်းသီးနှင့် လိမ္မော်သီး တန်ချိန် ၆၀ ကျော်တင်သွင်း

Author မွန်လေး
Categories
Published on Nov 23, 2022

 

စိုက်ပျိုးရေးအဆင့်မြှင့်တင်မည်ဆိုသည့် မင်းအောင်လှိုင်လက်ထက် တရုတ်မှ ပန်းသီးနှင့် လိမ္မော်သီး တန်ချိန် ၆၀ ကျော် တင်သွင်းထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုနှစ် နို၀င်ဘာလလယ်အထိ တရုတ်နိုင်ငံမှ ပန်းသီး တန်ချိန် ၂၁ တန်ကျော်နှင့် လိမ္မော်သီး တန်ချိန် ၄၁ တန်ကျော်ကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။

“အခု ပန်းသီးတစ်လုံးတောင် ၁၂၀၀ ဖြစ်နေပြီ၊ လိမ္မော်သီးဆိုရင်လဲ တစ်လုံးတစ်ထောင်တဲ့၊ ပြည်တွင်းမှာ ထွက်နေတဲ့ဟာတွေကိုတောင် ပြန်သွင်းနေတော့ အကုန်လုံးစျေးတွေက ကြီးမြင့်နေတယ်။ အတော်ကို စိတ်ပျက်ဖို့ကောင်းတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

မင်းအောင်လှိုင်သည် ယခုနှစ် ဇွန်လတွင် စိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်းကောင်းမွန်ရန်နှင့် အရည်အသွေးကောင်မွန်ရန် လိုအပ်သည့် အတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရမည်ဟု ဆိုထားသည်။

ထို့ပြင် မြေသြဇာများကိုလည်း ပြည့်၀စွာ လိုအပ်သည့်အတွက် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟုလဲ ပြောထားသည်။

မင်းအောင်လှိုင်သည် ဆီထွက်သီးနှံ တိုးမြှင့်ရေးဆိုသည့် ခေါင်းစဉ်ကို အကြောင်းပြပြီး၊ ယင်း၏ ယတြာ လုပ်ဆောင်ရန် စျေးကွက်နည်းပါးသည့် နေကြာကို ဧရာ၀တီတိုင်းအတွင်းရှိ လယ်သမားများအား မဖြစ်မနေ စိုက်ပျိုးရန် ဖိအားပေးနေကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာအား မတရားသိမ်းယူပြီးနောက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီစျေးသည်ပင် အဆမတန်မြင့်မားလာခဲ့ပြီး ယခင် တစ်ပိသာနှစ်ထောင်ကျပ်ခန့်သာရှိသည့် စားအုန်းဆီ တစ်ပိသာသည် လက်ရှိ ကျပ် တစ်သောင်းနားအထိရောက်ရှိနေခြင်းဖြစ်သည်။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပန်းသီး #လိမ္မော်သီး #တရုတ်နိုင်ငံ