စိမ်းလန်းနေရာတွေမှာ နေထိုင်တဲ့ကလေးရဲ့အရိုးက တခြားကလေးထက် ပိုသန်မာတယ်လို့ ပညာရှင်တွေဆို
သုတေသနအသစ်တစ်ခုအရ စိမ်းစိမ်းစိုစို ရပ်ဝန်းတွေနားက အိမ်တွေမှာ နေထိုင်တဲ့ကလေးတွေဟာ တခြားကလေးတွေထက် ပိုသန်မာတဲ့ အရိုးအဆစ်တွေကို ပိုင်ဆိုင်ထားပြီး သိသိသာသာ ကောင်းမွန်တဲ့ ကျန်းမာရေးကို ပိုင်ဆိုင်ထားတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။
အဲဒီသုတေသနကို လုပ်တဲ့ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ စိမ်းလန်းစိုပြေပြီး ၂၀ ကနေ ၂၅ ရာခိုင်နှုန်းလောက် သဘာဝပိုဆန်တဲ့နေရာတွေနဲ့ နီးနီးကပ်ကပ် နေထိုင်တဲ့ကလေးတွေမှာ တခြားကလေးတွေ နှစ်ဝက်လောက်အချိန်ယူ ဖွံ့ဖြိုးရတဲ့အရိုးအဆစ်တွေကို အချိန်ခဏအတွင်း ဖွံ့ဖြိုးတဲ့အကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာလည်း အရိုးပွရောဂါဖြစ်နိုင်ခြေက သာမန်ထက် ၆၅ ရာခိုင်နှုန်းလောက် ပိုနည်းတယ်လို့ ဆိုပါတယ်။
ပုံမှန်ကတော့ ငယ်စဉ်ကလေးဘဝနဲ့ မြီးကောင်ပေါက်အရွယ်တွေမှာ အရိုးအဆစ်တွေ ကြီးထွားဖွံ့ဖြိုးလာပြီး အသက် ၅၀ လောက်ရောက်ရင် အဲဒီကြီးထွားမှုဖြစ်စဉ်တွေက ဘက်ပြန်ဆုတ်ယုတ်လာပါတယ်။ ဒီတော့ ငယ်ငယ်ကတည်းက စိမ်းလန်းစိုပြည်တဲ့ နေရာဒေသတွေမှာ ရှင်သန်ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အရွယ်ရောက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အရိုးအဆစ်တွေ ကျိုးတာ၊ ယောင်ယမ်းတာနဲ့ အရိုးပွရောဂါလိုမျိုး ရောဂါတွေကို ကာကွယ်နိုင်ခြေ ပိုများတယ်လို့ သုတေသီတွေက ဖော်ပြထားတာပါ။
အဲဒီလို သဘာဝနဲ့ ပိုပြီး နီးနီးစပ်စပ်ရှိတဲ့နေရာမှာ နေတာနဲ့တင် ဘာကြောင့် အရိုးအဆစ်တွေက ကြီးထွားမှု အားကောင်းလာရလဲလို့ မေးချင်စရာတော့ ကောင်းနေပါတယ်။
အဲဒီသုတေသနထဲမှာ ဖော်ပြထားတာကတော့ နမူနာအနေနဲ့ ပန်းခြံနဲ့ ခပ်လှမ်းလှမ်းက အိမ်တွေမှာ နေထိုင်တဲ့ကလေးတွေဆိုရင် သာမန်ကလေးတွေထက် လှုပ်ရှားဆော့ကစားမှု တစ်နည်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ပိုများလို့ အရိုးကြီးထွားမှုကို အားပေးတယ်လို့ ဆိုပါတယ်။
“ငယ်တုန်းမှာသာ ခန္ဓာကိုယ်က အရိုးအဆစ်တွေ ကျစ်လျစ်သန်မာနေမယ်ဆိုရင် နောက်ပိုင်း အသက်တွေ ကြီးလို့ ဆုတ်ယုတ်လာတဲ့အချိန်အတွက် ကြိုပြီး ကာမိတာပေါ့” လို့ အဲဒီသုတေသနအဖွဲ့ထဲပါတဲ့ ဘယ်လ်ဂျီယမ် ဟက်ဆဲ့လ်ထ်တက္ကသိုလ်(Hasselt University)ရဲ့ ပရော်ဖက်ဆာ တင်မိနော်ရော့တ် (Tim Nawrot)က ပြောပါတယ်။
“အဲဒီတော့ ဒီလေ့လာချက်ကနေ လူထုဆီကို ပေးချင်တဲ့ကျန်းမာရေးအသိက မြို့ပြစီမံကိန်းတွေကို ရေးဆွဲသူတွေအနေနဲ့ ဒေသတွင်းမှာသာ သဘာဝနဲ့ နီးစပ်တဲ့နေရာတွေကို တိုးချဲ့ထည့်သွင်းပေးရင် ကလေးတွေရဲ့ ကျန်းမာရေးကို အင်မတန် အထောက်အကူပြုနိုင်တာပေါ့လေ” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့အခေါက်က လုပ်တဲ့ သုတေသနမှာလည်း စိမ်းလန်းတဲ့ နေရာဒေသတွေနဲ့ အထိအတွေ့ ပိုရှိတဲ့ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ပိုများတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သဘာဝနဲ့ ထိတွေ့မှုရှိတဲ့ ကလေးတွေဟာ ငယ်စဉ်အခါမှာ ဖွံ့ဖြိုးတိုးတက်မှုအားကောင်းပြီး အဝလွန်တာ၊ သွေးဖိအားနည်းတာလိုမျိုး ကိစ္စတွေ မဖြစ်နိုင်တဲ့အပြင် ဉာဏ်ရည်ပိုင်းလည်း ပိုမြင့်သလို စိတ်ပိုင်းနဲ့ ခံစားချက်ပိုင်းဆိုင်ရာမှာလည်း ပိုကောင်းကြတယ်လို့ ဆိုပါတယ်။
JAMA Network Open ဂျာနယ်မှာ တင်ထားတဲ့ အဲဒီသုတေသနထဲ ဖလန်ဒါနဲ့ ဘယ်လ်ဂျီယမ်က ကျေးလက်၊ မြို့ပြနဲ့ ဆင်ခြေဖုံးဒေသတွေမှာ နေထိုင်ကြတဲ့ ကလေး ၃၀၀ ကျော်ကို လေ့လာမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သုတေသနထဲ ပါဝင်တဲ့ သိပ္ပံပညာရှင်တွေက အသက် ၄ နှစ်ကနေ ၆ နှစ်အရွယ်ကလေးတွေရဲ့ အရိုးတွေရဲ့ ထုထည်သိပ်သည်းကျစ်လျစ်မှုကို အာထရာဆောင်းရိုက်ပြီး တိုင်းတာခဲ့ကြပါတယ်။ အဲဒီကလေးတွေရဲ့ အသက်အရွယ်၊ အရပ်အမြင့်၊ လူမျိုးနဲ့ မိခင်တွေရဲ့ ပညာရေးနောက်ခံအခြေအနေတွေအားလုံးကို ထည့်သွင်းလေ့လာခဲ့တယ်လို့ ဆိုထားတာပါ။
အဲဒီလေ့လာချက်က ထွက်လာတဲ့ လေ့လာချက်အရ နမူနာအနေနဲ့ နေအိမ်နဲ့ မီတာ ၁၀၀၀ အတွင်းမှာ တခြားနေရာတွေထက် ၂၅ ရာခိုင်နှုန်းလောက် စိမ်းလန်းစိုပြည်တဲ့ နေရာတွေ ပိုများနေတယ်ဆိုရင် အဲဒီအလေ့လာခံကလေးက တခြားကလေးတွေထက် အရိုးပွရောဂါဖြစ်နိုင်ခြေ ၆၆ ရာခိုင်နှုန်း ပိုနည်းပါတယ်တဲ့။ ပြီးတော့ မိန်းကလေးနဲ့ ယောက်ျားလေးကြားမှာလည်း ဘယ်လိုကွာခြားမှုမှမရှိဘဲ တူညီတဲ့ရလဒ် ထွက်နေကြောင်း တွေ့ခဲ့ရပါတယ်။
သုတေသနထဲမှာ စိမ်းစိမ်းစိုစိုရှိတဲ့ နေရာနဲ့ ပိုအနေနီးတဲ့ ကလေးအရိုးအဆစ်တွေ သန်မာရတဲ့ အကြောင်းကို တိုက်ရိုက်ချိတ်ဆက်ရှင်းပြထားတာမျိုး မရှိသေးပါဘူး။ အဲဒီလို အသေးစိတ်ကျကျ လေ့လာနိုင်ဖို့ဆိုရင်လည်း ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ လှုပ်ရှားမှုခြေရာခံကိရိယာတွေကို တပ်ဆင်ပြီး သူတို့ရဲ့ လုပ်ဆောင်မှုတိုင်းကို မှတ်တမ်းတင်ထားမှ ရမှာပါ။ လက်ရှိအခြေအနေမှာတော့ အဲဒီလို လုပ်ဖို့ ခဲယဉ်းတဲ့ အခြေအနေမှာ ရှိနေတယ်လို့ Nawrot က ပြောပါတယ်။