စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်

Author မောင်ရှမ်း
Categories
Published on Dec 09, 2022

နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကတော့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဆုံတွေ့ခဲ့ကြပြီး ပွဲချိန်အတွင်း သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ နယ်သာလန်တို့ အရေးနိမ့်ခဲ့ရပါတယ်။ အဲဒီတုန်းကလည်း နယ်သာလန်နည်းပြက ဗန်ဟားလ်ဖြစ်သလို ဒီတစ်ကြိမ်မှာလည်း ဗန်ဟားလ်ပဲ ဖြစ်နေတာပါ။ ဝါရင့်နည်းပြကြီး ဗန်ဟားလ်ကတော့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကို ရပ်တန့်နိုင်မယ့်နည်းလမ်းကို ရှာတွေ့ထားပြီး အဲဒီပွဲမှာ မြင်တွေ့ရလိမ့်မယ်လို့ ဆိုထားပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကတော့ ဗန်ဟားလ်နဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာတို့ရဲ့ အဆင်မပြေမှုပါပဲ။ ဗန်ဟားလ်တစ်ယောက် မန်ယူကို ကိုင်တွယ်ခဲ့စဉ်က ဒီမာရီယာကို ခေါ်ယူခဲ့ပြီး အဆင်မပြေမှုတွေနဲ့ လမ်းခွဲခဲ့ရလို့ အာဂျင်တီးနားသားကတော့ သူ့ရဲ့ကစားသမားဘဝမှာ ဗန်ဟားလ်ဟာ အဆိုးဆုံးနည်းပြဖြစ်တယ်လို့ ဆိုထားခဲ့ပြီး ဗန်ဟားလ်ကလည်း ပြန်လည်တုံ့ပြန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

နယ်သာလန်ကတော့ ၁၆ သင်းအဆင့်မှာ အမေရိကန်ကို အသာအယာကျော်ဖြတ်ခဲ့သလို အာဂျင်တီးနားကလည်း သြစတြေးလျကို အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီကမ္ဘာ့ဖလားမှာ နယ်သာလန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဂတ်ပိုက ၃ ဂိုးနဲ့ ရပ်တည်နေပြီး အာဂျင်တီးနားမှာတော့ ထုံးစံအတိုင်း မက်ဆီကပဲ ၃ ဂိုးနဲ့ ရပ်တည်နေခဲ့ပါတယ်။

ဒါ့အပြင် နယ်သာလန်ကစားသမားဟောင်း ဗန်ဒါဗတ်ကလည်း နယ်သာလန်အတွက်တော့ အာဂျင်တီးနားဟာ လွယ်လွယ်အနိုင်ရမယ့်ပြိုင်ဘက်ဖြစ်ပြီး ၃ ဂိုးပြတ်အနိုင်ရမယ်လို့ ဆိုထားတာကြောင့် ပွဲကြိုအနေအထားမှာတော့ ပြိုင်ဆိုင်မှုပြင်းထန်နေခဲ့ပါတယ်။ တကယ်တမ်းပွဲကစားချိန်မှာတော့ ဘယ်အသင်းက အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားမလဲဆိုတာ စနေနံနက် ၁ နာရီ ၃၀ မိနစ်မှာ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။