စိတ်ကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်များ

Published on Oct 10, 2023

“ပုထုဇ္ဇနော၊ ဥမ္မတ္တကော” လို့ ဘုရားအဟော ရှိပါတယ်။ ဒါဟာ ပါဠိဘာသာပါ။ မြန်မာအနက်ပြန်ရင် “ပုထုဇဉ်ဇဉ်‌တိုင်း ယုံကြည်ချက် မခိုင်မြဲကြတဲ့အတွက် အရူးများဖြစ်ကြတယ်” လို့ အနက်ရပါတယ်။ မြန်မာနိုင်ငံသူ/သားတွေကတော့ ပိုလို့ရူးနေကြတယ်ဆိုရင် မှားမယ်မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည်ရဲ့ အခက်အခဲအကျပ်အတည်းအတွင်းမှာ ပူပင်စရာအပြည့်နဲ့ အချိန်တိုင်းရူးသွပ်နေကြတာပါ။ ဒါကြောင့် မိသားစု၊ မိတ်ဆွေအချင်းချင်း စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသနိုင်မယ့်အချက်တွေနဲ့ ဆောင်ရန်/ရှောင်ရန် အချက်တွေကို CJ Platform ရဲ့ ကျန်းမာရေးကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၀) ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ World Mental Health Day ဖြစ်ပါတယ်။ မြန်မာပြည်ဟာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နေရတဲ့အချိန်ကာလတစ်ခုမှာ လူတိုင်းနီးနီးခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်၊ တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကုထုံးလိုအပ်ချက်တွေရှိနေပါတယ်။

ဘာကြောင့်လိုအပ်နေရတာပါလဲ?

ကိုယ်တိုင်ကျော်ဖြတ်ရချိန်မှာ ပတ်ဝန်းကျင်က ကိုယ့်ကို ကူညီတတ်ကြသလို ပတ်၀န်းကျင်၊ အရင်းနှီးဆုံးမိသားစုကပဲ ပြန်ပြီး စိတ်ထိခိုက်‌စေတဲ့အရာများကို ကျူးလွန်မှန်းမသိဘဲ ကျူးလွန်မိတတ်ကြပါတယ်။ အဲဒီအချိန်မှာ စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှုဆိုတာတွေကို စတင်ခံစားရစေပါတယ်။ စိတ်ခံစားမှုပြင်းထန်နေသောလူများကို ရောဂါအမျိုးအမည်(Burnout, Overdue stress, Anxiety, Depression, PTSD etc.) စိတ်ဒဏ်ရာရောဂါဖော်ထုတ်ဖို့ထက် အခက်အခဲကြုံတွေ့နေရတဲ့သူကို အလိုက်အထိုက် ကူညီဆက်ဆံလိုက်ဖို့က ပိုအရေးကြီးပါတယ်။

ဘယ်လိုသိနိုင်မလဲ?

တစ်ခါတလေမှာ လူတစ်ယောက် စိတ်ကျန်းမာရေး ထိခိုက်တဲ့အထိ ခံစားနေရကြောင်း သိဖို့မလွယ်ပေမယ့်၊ သူဟာ အခက်အခဲတွေ ကြုံတွေ့ဖြတ်သန်းနေရကြောင်းကတော့ လက်တွေ့ကျကျ သိသာထင်ရှားပါတယ်။

ဒီလိုအချိန်အခါမျိုးမှာ သူဟာ စိတ်ကျန်းမာရေး ထိခိုက်နေတယ်/မထိခိုက်နေဘူး။ သိစရာမလိုပါဘူး။ လူတစ်ယောက် အခက်အခဲကြုံနေချိန် သူ့ကို စကားပြောလိုက်တာဟာ သူ့ကိုကူညီဖို့ ပထမဆုံးအဆင့်ပါပဲ။ ဒါမှသာ သူ ကြုံတွေ့နေရတဲ့ပြဿနာနဲ့ ကိုယ်သူ့ကိုဘယ်လိုကူညီနိုင်မလဲဆိုတာကို သုံးသပ်သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုတွေများကူညီပေးလို့ရနိုင်မလဲ?

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံတွေ့နေရချိန်မှာ ဘယ်လိုတွေ ကူညီလုပ်ဆောင်‌ပေးသင့်တယ်ဆိုတဲ့ အချက်ကလေးတွေရှိပါတယ်။

၁။သေချာအချိန်ပေးပါ(Set time aside with no distractions)
စကားပြောတဲ့အခါ သူ့အတွက် အနှောင့်အယှက်ကင်းကင်းဖြစ်အောင် အချိန်သေချာပေးပါ။ ပွင့်လင်းပြီး သူ့ကိုမဝေဖန်တဲ့ အနေအထားတစ်ခု ဖန်တီးပေးပါ။ ခဏခဏ ကြားဖြတ်မပြောပါနဲ့။ အကြံဉာဏ်ပေးခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်။

၂။ပြောလိုသလောက်ပဲ ပြောပါစေ။(Let them share as much or as little as they want to)
စကားပြောတဲ့အခါ သူတို့ကိုပဲ ဦးဆောင်ပြောခိုင်းပါ။စိတ်ကြိုက် ပြောချင်ရာ ပြောပါစေ။ ပြောဖို့အဆင်သင့်မဖြစ်သေးတဲ့ အကြောင်းအရာတွေကို ပြောဖို့ ဖိအားမပေးပါနဲ့။ သူတို့အနေနဲ့ ကိုယ့်ကိုစကားပြောဖို့ဆိုတာ ယုံကြည်မှု‌တွေ၊ သတ္တိတွေမွေးပြီးမှ ပြောဖြစ်တာပါ။ ကိုယ်ဟာ သူတို့ ခုလိုဖွင့်ပြောလာတဲ့ ပထမဦးဆုံးလူ ဖြစ်ကောင်းဖြစ်လာသောကြောင့်အတတ်နိုင်ဆုံး စကားပြော‌ဆိုနေတာကို နားထောင်နေကြောင်းကို ပြသမိပါစေ။

၃။ကောက်ချက်မချ‌စေဖို့နဲ့ ခံစားချက်တွေကို မမှန်းဆမိပါစေနဲ့(Don’t try to diagnose or second guess their feelings)
လူတိုင်းဟာ ဆေးပညာကို မကျွမ်း၀င်တဲ့သူ/မနီးစပ်တဲ့သူတွေ ဖြစ်နိုင်‌သောကြောင့် လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှု၊စိတ်မွန်းကျပ်မှု၊ စိတ်ဒဏ်ရာတွေကို နှိမ့်သိမ့်အားပေးချင်တဲ့အခါ(Counsellor)လေ့ကျင့်သင်ယူထားတဲ့လူတစ်ယောက်မဟုတ်သောကြောင့် စိတ်ဒုက္ခတွေကို မျှဝေနားထောင်စကားပြောတဲ့အချိန် ဒီလိုအခါမျိုးမှာ အလျင်စလို မှားယွင်းယူဆပြီး ကိုယ်ထင်ရာ ရောဂါအမျိုးအမည်တပ်မိတာမျိုး၊ ကိုယ်နဲ့နှိုင်းယှဉ်ပြီး ကိုယ့်ပြဿနာ‌တွေလို့ထင်ပြီး ဖြေရှင်းနည်းတွေကိုရှာပေးမိတာမျိုးမလုပ်မိဖို့ အထူးဂရုစိုက်ပေးရပါမယ်။

၄။ လမ်းကြောင်းတဲ့မေးခွန်းတွေ မမေးပါနဲ့(Keep questions open ended)
ဥပမာ-
“မင်းဘာတွေခံစားနေရလဲ။ ငါ့ကို ပြောပြပါလား” ဆိုတဲ့ မေးခွန်းမျိုးက သင့်တော်ပါတယ်။ “မင်းခုတလော စိတ်ဓာတ်ကျနေတာ ငါသိတယ်” ဆိုတာမျိုး မမေးသင့်တဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ ကိုယ်သုံးလိုက်တဲ့စကားအသုံးအနှုန်းကို အတတ်နိုင်ဆုံး ဂရုစိုက်ပြောဆိုပါ။ လမ်းကြောင်းတဲ့မေးခွန်း မဖြစ်‌စေဖို့နဲ့သူ့ကို ပြန်ဖြေဖို့ အချိန်ပေးပြီး နားထောင်ပါ။ ချောင်ပိတ်မေးခွန်းတွေ အများကြီးမမေးမိစေဖို့ သတိထားပြောဆိုသုံးနှုန်းပါ။

၅။ မိမိကိုယ်ကို ဂရုစိုက်ဖို့အကြောင်း ပြောပေးပါ(Talk about self-care)
စိတ်ဖိစီးမှု လျော့ကျစေတဲ့ နည်းလမ်းတွေ၊ ဝါသနာပါတာတွေ၊ စိတ်ပျော်ရွှင်စေမဲ့အရာတွေ…
ဥပမာ- သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ခရီးထွက်တာနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခိုင်းတာ စတာတွေကို ပြောပြအကြံပေးပြီး လက်တွေ့လုပ်ခိုင်းတာမျိုး၊ တူတူလုပ်ပေးပြီး အကျိုးရှိလား ပြန်မေးပြီးသတိပြုမိအောင် ပြန်လည်ပြောဆိုပေးပါ။ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တာ၊ ညအိပ်ရေး၀အောင် အိပ်တာတွေဟာ စိတ်ကျန်းမာရေးသာမက ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း ကောင်းစေတဲ့နည်းလမ်းတွေလည်း ပြောပြပေးနိုင်ပါတယ်။

၆။ကိုယ့်ကို ဘာပြောလဲ သေချာနားထောင်ပါ(Listen carefully to what they tell you )

စကားတချို့ကို ပြန်ပြန်ပြောခိုင်းတာမျိုး၊ ပြန်ပြန်မေးမိတာမျိုးမလုပ်ဘဲ သူတို့ပြောတာကို နားလည်ကြောင်း ဖော်ပြပြောဆိုပေးပြီး ပြောသမျှတွေကိုလည်း သဘောတူစရာ ခေါင်းညိမ့်ပေးဖို့မလိုအပ်ပါဘူး။ သို့ပေမဲ့ခံစားချက်တွေကို နားလည်ကြောင်းပြသပြီး သူ့ခံစားချက်တွေကို အလေးထားကြောင်းတော့ သိသာပေါ်လွင်ပါစေ။

“”အော်၊ဟုတ်လား၊ ဟုတ်တာပေါ့ အာမေဋိတ်အသံများကို” ဆိုလိုခြင်းဖြစ်ပါတယ်။

၇။တစိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ စိတ်ကျန်းမာရေး ဆရာ၀န်တွေရဲ့အကူအညီယူဖို့ အကြံပေးပါ။ ယူနိုင်အောင်လည်း ကူညီဆောင်ရွက်လမ်းညွှန်ပေးပါ။(Offer them help in seeking professional support and provide information on ways to do this)

ဆရာ၀န်ဆီသွားပြီး စကားပြောစေချင်ကြောင်း၊ စိတ်ကျန်းမာရေးကုသတယ်ဆိုတာ လူတိုင်းအတွက်အရေးကြီးဆုံးအချက်ဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် ရောဂါပေါင်း ၃၀၀ ကျော်ရှိသည့်အထဲ စိတ်ကျန်းမာရေးသည် ကမ္ဘာနံပါတ် ၇ နေရာတွေရှိကြောင်းကို ပြောပြပြီး ဆရာ၀န်ကြီး၏အကူညီကိုယူဖို့အတွက်ပြောဆိုရပါမယ်။ သို့သော် အတင်းအကြပ်ပြောဆိုခြင်း၊ ဖိအားပေးလိုအပ်နေတာမျိုးလို့ မပြောမိလမ်းမညွှန်‌မိပါစေနဲ့။ လိုအပ်မှုအတွက် ပြသခြင်း၊ ကုသခြင်းကို သူတို့ဘာသာ ပြ/မပြ ဆုံးဖြတ်နိုင်ဖို့ကိုသာကို စောင့်ဆိုင်းလမ်းညွှန်ပါ။

၈။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ ကိုယ်သိပါ(Know your limits)

ကူညီနိုင်တဲ့ အတိုင်းအတာဆိုတာကို သတ်မှတ်ထားပါ။သူတစ်ပါးရဲ့ စိတ်ကျန်းမာရေးကို နှိမ့်သိမ့်ဆွေးနွေးပေးဖို့စဉ်းစားမိပြီဆိုရင် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ အရေးကြီးဆုံးဖြစ်ပြီး ကိုယ်တိုင်လည်းစိတ်ကျန်းမာနေဖို့အရင်ဆုံးလိုအပ်ပါတယ်။ ပြောလိုက်တာတွေ၊ ဖြစ်ပျက်နေတာတွေကို နားလည်သုံးသပ်ပြီးရင် လိုက်မခံစားမိပဲ ကိုယ့်စိတ်ကိုလည်း အနားယူပေးဖို့၊ သူငယ်ချင်းတွေ၊ မိသားစုဆွေမျိုး‌တွေနဲ့ စိတ်ကျန်းမာရေး ဆရာ၀န်တွေရဲ့လမ်းညွှန်ထားသော လေ့ကျင့်ခန်းများဖြင့် အကူအညီဖြစ်စေမယ့် အရာများကို အမြဲပြန်လည်သုံးသပ်စိတ်အနားယူဖို့လည်းအရေးကြီးပါတယ်။

ဘယ်အချက်‌တွေ အထူးသတိထားဖို့လိုအပ်‌လဲ?

အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ၊ ထိခိုက်ဒဏ်ရာရအောင်လုပ်ဆောင်တော့မယ်လို့ ဆုံးဖြတ်ထားသောအခြေအနေဆိုရင် သူတို့ဘေးကင်းလုံခြုံအောင် အရေးပေါ် ကူညီလုပ်ဆောင်စရာတွေကို အမြန်လုပ်ပေးဖို့လိုအပ်ပါတယ်။

ဥပမာ-သူတို့ကို စကားပြောပေးတာ၊ ထိခိုက်နာကျင်အောင်လုပ်ဆောင်မယ့်အရေးက ချက်ချင်းကာကွယ်ပေးတာမျိုး၊ ဆေးကုသမှုခံယူနိုင်အောင် ကူညီပေးတာမျိုးဖြစ်ပါတယ်။

စိတ်ဖိစီးပြီး မွန်းကျပ်မှုတွေကို ခံစားနေရတဲ့ လူအများစုဟာ ကိုယ်အရမ်းချစ်တဲ့သူတွေကို ဖွင့်ပြောလိုက်တာမျိုးကို မလုပ်တတ်ကြပါဘူး။ အဲဒီအချိန်မှာ နားထောင်ပေးသူသည်အတတ်နိုင်ဆုံး “ဘာလို့လဲဆိုတာမျိုး၊ ပြောပြလိုက်ပြီးနေတာပဲ၊ သူတို့သိမှဖြစ်မှာလေ ” လို့ ပြောဆိုတာမျိုးကိုသတိထားရပါမယ်။ သူတို့ကြောင့် ချစ်တဲ့သူတွေ ထိခိုက်ခံစားရမှာကို မလိုလားတာသောကြောင့် လူအများစုဟာ ရင်ဖွင့်ပြောဆိုတာကို မျိုသိပ်ထားတတ်ကြပါတယ်။

အဲ့ဒီအတွက်လည်း စိတ်ကျန်းမာရေး ထိခိုက်မှုတွေကြုံတွေ့လာရခြင်းဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ပွင့်ပွင့်လင်းလင်းနဲ့ အရိုးသားဆုံးအနေနဲ့ ကိုယ်က သူတို့ကို ဂရုစိုက်တယ်ဆိုတဲ့အကြောင်းလောက်သာ ပြောပြပေးဖို့လိုအပ်ပါတယ်။

ဘယ်လိုနေရာတွေ/အဖွဲ့အစည်းတွေက ကူညီစောင့်ရှောက် ကုသဆွေးနွေးမှုတွေကို လုပ်ဆောင်ပေး‌နေလဲ။

စိတ်ကျန်းမာရေးအတွက် ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေမြန်မာနိုင်ငံမှာ လူကိုယ်တိုင်ပြသလို့ရတဲ့နေရာတွေလည်းရှိသလို အွန်လိုင်းမှတစ်ဆင့် အခမဲ့ပြသလို့ရတဲ့ အဖွဲ့အစည်း‌တွေလည်းရှိပါတယ်။

ဒီအဖွဲ့အစည်းတွေကို CJ platform မှစုစည်းရေးသားဖော်ပြလိုက်ပါတယ်။

(၁) စိတ်ကျန်းမာရေးဆေးရုံ( ရွာသာကြီး)
ရန်ကုန်တိုင်း ပြင်ပဆေးရုံများ
(၂) ဘ၀သစ် စိတ်ကျန်းမာရေးဆေးရုံ
(၃) ရတနာပုံ စိတ်ကျန်းမာရေးဆေးရုံ
(၄) ဧရာ၀တီ စိတ်ကျန်းမာရေးဆေးရုံ
(၅) အေးရိမ်ငြိမ် စိတ်ကျန်းမာရေးဆေးရုံတိုဟာ လူကိုယ်တိုင်သွားရောက်ပြသနိုင်သော ဆေးရုံများဖြစ်ပါတယ်။

အခမဲ့အွန်လိုင်းဆွေးနိုင်မယ့်နေရာများ
(၁) တယ်လီကျန်းမာမှာ ဆွေးနွေးရင်ဖွင့်မယ်။
(၂) တိုင်ပင်ဖော်မှာ ဆွေးနွေးမယ်။
(၃) Mild Healer မှာ ရင်ဖွင့်မယ်။
(၄) Zero Suicide Hotline ကိုဆက်သွယ်မယ်။

သူတို့အားလုံးဟာ အခမဲ့အွန်လိုင်း၀န်ဆောင်မှုကိုပေးနေသော ကျန်းမာရေး၀န်ထမ်းများနဲ့ နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေးအထူးကုကြီးတွေကိုယ်တိုင် ကြည့်ရှုပေးနေကြပါတယ်လို့ စိတ်ကျန်းမာရေးအထူးကု ဆရာ၀န်ကြီးတစ်ဦးက ပြန်လည်ဖြေကြာပါတယ်။

အချုပ်အားဖြင့်ဆိုရရင် စိတ်အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေကို အချိန်ပေးပြီး နားထောင်ခြင်းကိုပြုမူပါ။ သူတို့ကို မဝေဖန်မိခြင်း၊ အကြံဉာဏ်ပေးခြင်း လုံး၀မပြုလုပ်မိစေဖို့ ဂရုစိုက်သထားပြုမူပါ။ အရင်က စိတ်ပျော်ရွှင် နှစ်သက်စေတဲ့ အရာလေးတွေကို သူကိုယ်တိုင်ပြန်လည်လုပ်ဆောင်လာနိုင်အောင် ဖေးမပေးပါ။ အတူတူလုပ်‌ဆောင်ပေးပါ။

အပြုသ‌ဘောဖြင့် ချီးမွမ်းသတိပေးပါ။ လိုအပ်ရင် ကျွမ်းကျင်တဲ့သူတွေရဲ့အကူအညီရယူဖို့ အကြံပေးပြုပါ။ အခုလိုနည်းလမ်းများနဲ့ အချင်းချင်းဖေးမကူညီနှစ်သိမ့်ရင်း ရှေ့ဆက်ရင်ဆိုင်ကျော်လွှားကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါရစေ။

လူသားတိုင်းအတွက် ကိုယ်ခန္ဓာကျန်းမာရေးဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ CJ platform မှာ ကျန်းမာရှုထောင့်အတွက် ကဏ္ဍအစုံမှ ပြည်သူတိုင်းလိုအပ်မယ့် စိတ်ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ရေးသားဖော်ပြလိုက်ရပါတယ်။