စားအုန်းဆီ လက်လီစျေး တစ်ပိဿာ တစ်သောင်းကျပ်ဝန်းကျင် မြင့်တက်လာ

Author အောင်နိူင်သူ
Categories
Published on Oct 23, 2022

မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က Black List သတ်မှတ် ပြီးနောက် ပြည်တွင်း၌ စားအုန်းဆီစျေးတစ်ပိဿာလျှင် လက်လီစျေး တစ်ပိဿာတစ်သောင်းဝန်းကျင်အထိ မြင့်တက်သွားသည်ဟု အိမ်ရှင်မများထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ နံနက်ပိုင်းအထိ စားအုန်းဆီတစ်ပိဿာစျေးနှုန်းမှာ ၆၆၀၀ ကျပ်သာရှိပြီး တစ်ဖြည်းဖြည်း ထိုးတက်သွားရာ လက်ရှိအခြေအနေတွင် တစ်ပိဿာလျှင် တစ်သောင်း ဝန်းကျင်အထိ မြင့်တက်လာသည်ဟု ရွှေပြည်သာမြို့နယ်မှ အိမ်ရှင်မှတစ်ဦးက CJ Platformကိုပြောသည်။

“ညီမက အကြော်ရောင်းတော့ ဆီကို ပိဿာနဲ့ဝယ်ရတာ တစ်ပိဿာကို ၆၆၀၀ ကနေ ၇၂၀၀ဖြစ်သွားတယ် နေ့ခင်းပိုင်းကျတော့ ၇၂၀၀ ကနေ ၈၄၀၀ ဖြစ်သွားတယ် ညနေကျတော့ ၉၀၀၀ အခုမနက်ကျတော့ တစ်သောင်း အဲ့ဒါက လက်လီစျေး တစ်ဆယ် သားကို တစ်ထောင် ပိဿာနဲ့ဆို ၉၀၀၀ “ဟုပြောသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် စားအုန်းဆီစျေးနှုန်းမှာ တစ်ပိဿာလျှင် ကိုးထောင်ဖြစ်ပြီး လက်လီတစ်ဆယ်သားတစ်ထောင်ကျပ်ဖြစ်နေကြောင်း အိမ်ရှင်မတစ်ဦးက CJ Platform ကိုပြောသည်။

“ကျွန်မတို့ဆီမှာတော့ ၈၄၀၀ နဲ့ ရောင်းတဲ့ဆိုင်ရှိတယ် ၉၀၀၀ နဲ့ရောင်းတဲ့ဆိုင်ရှိတယ် တစ်ဆယ်သားချင်း ဝယ်မယ်ဆိုရင်တော့ တစ်ထောင် “ဟု ရှင်းပြသည်။

မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းအသင်းမှ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ရက်များက စာအုန်းဆီတစ်ပိသာလျှင် ၄၂၀၀ ကျပ်ဖြင့် လိုက်လံရောင်းချမှုများရှိသည်ဟု လှိုင်သာယာမြို့ခံတစ်ဦးက CJ Platformကို ပြောသည်။

“၂၁ ရက်က လှိုင်သာယာမှာ လာရောင်းတာရှိတယ် ကျနော်တို့ ရပ်ကွက်တော့ မဟုတ်ဘူး လိုက်ရောင်းပေးတယ်ဆိုတာ အဲ့ဒီရပ်ကွက်မပြောနဲ့ ရောင်းပေးတဲ့ လမ်းကလူတောင် အကုန်မရဘူး “ဟု ပြောသည်။

(FATF)က Black List သတ်မှတ် ပြီးနောက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပြည်တွင်းစားအုန်းဆီ စျေးကစားခြင်းနှင့် ပတ်သက်၍ စျေးနှုန်းပြောင်းလဲလာမှုကြောင့် အချို့ဆီရောင်းချသူများ ခေတ္တအရောင်းပိတ်ထားသည်ဟု လုပ်ငန်းရှင်တစ်ဦးက CJ Platform ကိုပြောသည်။

“မနေ့က မနက်ကတည်းက ဆီစျေးက လှုပ်နေတာ ၆၆၀၀ ရောင်းနေတာ ဆီကုန်သွားလို့ စုံစမ်းကြည့် တော့ စျေးနှုန်းက မတည်ငြိမ်ဘူး အခု ၉၀၀၀ရှိတယ် ကိုယ်ဝယ်ထားပြီးမှ ပြန်ကျရင် ရှုံးသွားမှာ အခြေအနေကို စောင့်ကြည့်နေတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားသုံးဆီ တစ်ပိဿာလျှင်၃၈၀၀ ကျပ်ဖြင့် ရောင်းချရန် အောက်တိုဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ပေးထားသည် ။