စားသုံးဆီ သင်္ဘောဆိုက်ရောက်တာကို စက်သုံးဆီသင်္ဘော ဆိုက်ရောက်တယ်လို့ ခေါင်းစဉ်တပ်ပြီး စစ်အုပ်စု ဝါဒဖြန့်

Author CJ Platform
Categories
Published on Mar 24, 2026

စားသုံးဆီ တင်ဆောင်လာတဲ့ MT TIRTASARI သင်္ဘောတစ်စင်း မတ် ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ကို ဆိုက်ရောက်လာမှုကို စစ်အုပ်စုက စက်သုံးဆီသင်္ဘော ဆိုက်ရောက်လာတယ်လို့ ခေါင်းစဉ်ပေးကာ သူတို့ရဲ့ ဝါဒဖြန့်သတင်းဌာနဖြစ်တဲ့ The Global New Light of Myanmar မှာ အင်္ဂလိပ်ဘာသာနဲ့ လိမ်လည်ရေးသားထားတာကို CJ Platform က စစ်ဆေးတွေ့ရှိရပါတယ်။

 

သတင်းခေါင်းစဉ်မှာ “MT Tirtasari docks at KIP Port to secure timely fuel distribution” လို့ ရေးသားထားပြီး သတင်းစာသားထဲမှာတော့ Edible Oil လို့သာ ထည့်သွင်းအသုံးပြုထားတာကို တွေ့ရှိရပါတယ်။

 

“Fuel နဲ့ Edible Oil က အကွာကြီးလို့ ပြောရမယ်၊ သတင်းထဲမှာလည်း Fuel ဆိုတာ လုံးဝမပါဘူး၊ လောင်စာဆီ အလုံအလောက်ရရှိဖို့ MT Tirtasari အချိန်မီ ဆိုက်ကပ်လာပြီဆိုပြီး ခေါင်းစဉ်တပ်ထားတာ၊ ဘယ်သူမဆို ခေါင်းစဉ်ကိုပဲ အရင်ဖတ်ကြတာမို့ ဒါ လိမ်တာပါ” လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်မှုကို လူငယ်တစ်ဦးက သုံးသပ်ပါတယ်။

 

စစ်အုပ်စုရဲ့ မြန်မာဘာသာနဲ့ ဖော်ပြနေတဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ MT Tirtasari သင်္ဘောကို စားသုံးဆီ တင်ဆောင်လာတဲ့ သင်္ဘောလို့သာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

 

“တစ်ခုပဲ၊ လိမ်တာဟုတ်ရင်ဟုတ်၊ မဟုတ်ရင် အင်္ဂလိပ်သတင်းစာကို ကိုင်ထားတဲ့သူက အင်္ဂလိပ်စာ မတတ်တာပဲ” လို့ အဆိုပါ လူငယ်က ဆက်လက်ပြောပါတယ်။

 

မြန်မာပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ပိုမိုဆိုးဝါးလာနေပြီး အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာသာမက စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ အသုံးပြုဖို့ စက်သုံးဆီပါ ဝယ်ယူလို့မရတာကြောင့် သီးနှံတွေ ပျက်စီးမယ့် ဖြစ်စဉ်တွေ၊ ရေလုပ်ငန်းတွေ ရပ်တန့်သွားရတော့မယ့် ဖြစ်စဉ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။