စားဆီ‌ဈေး‌အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးထပ်တက်

Author ကိုထက်
Categories
Published on Nov 23, 2023

ရန်ကုန်တွင် တန်းစီဝယ်နေရသော စားသုံးဆီဈေးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည့်အတွက် အခြေခံလူတန်းစားပြည်သူများ ပိုမိုကြပ်တည်းလာနေသည်။

 

တန်းစီဝယ်ရသော စားသုံးဆီဈေးမှာ ယခင်က ၅၀ ကျပ်သားလျှင် ၂၄၀၀ ကျပ်သာရှိခဲ့ရာမှ ယခုအခါ ၃၀၀၀ ကျပ်ခန့်သို့ဈေးတက်လာပြီး အခြားသော ဆန်၊ ကြက်သွန်ဖြူ/နီ၊ အာလူးစသည့် ကုန်စည်များမှာလည်း ရက်ပိုင်းအတွင်းကို ‌ဈေးတက်နေခြင်းဖြစ်သည်ဟု ‌အခြေခံစားသောက်ကုန်ဈေးကွက်အတွင်းမှ သိရသည်။

 

“ဆီကတန်းစီပြီး ဝယ်နေရတာတောင် ဈေးကတက်နေတယ်။ သူတို့ အရင်က ၅၀ သား (ကျပ်)၂၄၀၀ လောက်ကို အခု ၂၈၀၀ ၊ ၃၀၀၀ တဲ့။ ဆန်ဈေးကလည်း ခုရက်ပိုင်းမှာကို တက်သွားတယ်။ အနည်းဆုံးစားလို့ အဆင်ပြေတဲ့ ဆန်က တစ်ပြည် (ကျပ်)၄၀၀၀ ဖြစ်သွားပြီ။ တခြား ကြက်သွန်၊ အာလူး အကုန်ပါပဲ။ ဝင်ငွေသာမတိုးတာ၊ ကုန်ဈေးနှုန်းကမကျဘူး” ဟု လှိုင်သာယာမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောသည်။

စားသုံးဆီဈေးမှာ ဆီလုပ်ငန်းရှင်အသင်းက သတ်မှတ်ထားသည့် ရည်ညွှန်းဈေး ၅၀ ကျပ်သားလျှင် ၂၈၀၀ ကျပ်ဖြစ်ပြီး ယခင်ရည်ညွှန်းဈေး ၅၉ ကျပ်သား ၂၄၀၀ ကျပ်ထက် မြင့်တက်သွားခြင်းကြောင်း သိရသည်။

 

အလားတူ ဆန်ဈေးမှာလည်း လူလတ်တန်းစားများ အစားများသည့် ဆန်တစ်အိတ်လျှင် ကျပ် ၁၄၂,၀၀၀၊ အာလူး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ဆယ်သား ၂၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း သိရသည်။

 

ဟင်းသီးဟင်းရွက် ဝယ်မည်ဆိုလျှင်ပင် အနည်းဆုံး ကျပ် ၁၀၀၀ ဖိုးဝယ်မှသာ မိသားစု စားလောက်မည့်‌အခြေအနေသို့ဆိုက်ရောက်နေကြောင်း အိမ်ရှင်မများက ဆိုသည်။

 

“သူတို့(စစ်‌ကောင်စီ)တွေ မဆင်းသမျှကတော့ ဒီလိုပဲခံနေရမှာပဲ။ ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီဖွဲ့လည်း ဈေးကတက်နေတာပဲလေ။ အလုပ်အကိုင်တွေက မကောင်းကြ၊ ဈေးတွေကတက်။ တချို့ ချို့တဲ့နေရာတွေမှာဆို ထမင်းတစ်နပ်ပဲစားရတဲ့ နေရာတွေတောင်ရှိတယ်ကြားရတယ်” ဟု လုံခြုံရေးစိုးရိမ်၍ အမည်နှင့် မြို့နယ်မဖော်လိုသည့် ပြည်သူတစ်ဦးက ပြောသည်။

 

စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးငွေညှစ်မှုဒဏ်များကို ယနေ့အချိန်အထိ ခံစားနေကြရဆဲဖြစ်သည်။