စလင်းတွင် စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

Author မင်းထက်
Categories
Published on Mar 19, 2024

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform သို့ပြောသည်။

 

ယမန်နေ့ မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်က စလင်းမြို့နယ်၊ သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးသည် ကျေးရွာနေ ပြည်သူများကို အသံချဲ့စက်ဖြင့် စစ်မှုထမ်းရန် နှိုးဆော်နေစဉ် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

 

၎င်းထံမှ လက်လုပ် ပစ္စတိုသေနတ် တစ်လက်နှင့် ဆက်သွယ်ရေးစက် တစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“မိုက်နဲ့ပြည်သူလူထုကို နှိုးဆော်သူမလို့ မိုက်တပ်ပြီး ရှင်းလင်းပစ်ခတ်ခဲ့တယ်။ သရက်တော တိုက်နယ်ဘက်က ကျွန်တော်တို့စိုးမိုးမှုအားကောင်းတော့ လာရောက်လှုပ်ရှားမှူမရှိပေမဲ့ အနီးက ကန်ပြားရဲစခန်းမှာတော့ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ သေနတ်ပစ်ဖောက်နေကြောင်းသိရတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

စလင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဆောင်ရွက်မှုတွင်ပါဝင်နေသည့် မြို့နယ် လဝက၊ ထွေအုပ်၊ ရပ်ကျေး ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် နောက်လိုက်များအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှုအပေါ်အခွင့်ကောင်းယူ၍ မတရားခြိမ်းခြောက် အကျိုးစီးပွားရှာနေသူ တစ်ဦးချင်းစီတိုင်းကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – စလင်းမြို့နယ် ပကဖ