စမ်းချောင်းမြို့နယ်တွင် ပဒေသာပင်လှည့်ရန် No CDM များထံမှ တစ်ဦးလျှင် ၅၀၀၀ တောင်း၊ ဌာနတစ်ခုလျှင် ဆိုက်ကားတစ်စီးဖြင့် ပဒေသာပင်လှည့်ရမည်

Author စကားဝါ
Categories
Published on Nov 22, 2023

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ စုပေါင်း ဘုံကထိန် ကျင်းပရေးအတွက် Non CDM ဝန်ထမ်းတစ်ဦးလျှင် ၅၀၀၀ ကျပ် တောင်းခံနေကြောင်း စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

 

ဌာနဆိုင်ရာများ စုပေါင်း ဘုံကထိန်ပွဲအား နိုဝင်ဘာလ ၂၄ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဘုံကထိန်ပွဲအတွက် ပဒေသာပင်များ လှည့်လည်ရာတွင် ဌာနတစ်ခုလျှင် ပဒေသာပင် တစ်ခုစီအား ဆိုက်ကားများဖြင့် တင်ဆောင်ကာ မြို့နယ်အတွင်း လှည့်လည်ရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရသည်။

 

“ကထိန်ဖိုး ငါးထောင်တောင်းလို့တဲ့ စိတ်ဆိုးနေကြတယ်၊ ပိုဆိုးတာက ဌာနတွေအလိုက် ပဒေသာပင်တစ်ခုစီ ထွက်ရမှာ ဦးစီးဌာနတွေအလိုက်ရောပဲ၊ အဲ့ဒါကို ပဒေသာတစ်ခုစီကို ဆိုက်ကားပေါ်တင်ပြီးတော့ ဝန်ထမ်းတွေက လိုက်နင်းရမယ်ဆိုတော့ ပိုပေါက်ကွဲနေကြတာ”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

 

နိုင်ငံအနှံ့ရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရပြီး လက်လွှတ်ဆုံးရှုံးနေရသည့် အချိန်တွင် စစ်ကောင်စီမှ ညွှန်ကြားထားသည့် ပဒေသာပင်လှည့်လည်ပွဲအား Non CDM ဝန်ထမ်းများ လိုက်ပါရန် ကြောက်ရွံ့နေကြပြီး ၊ ပုံမှန်ရုံးတက်ရက်များတွင် ဝန်ထမ်းဝတ်စုံများကိုပါ ဝတ်ဆင်၍ ရုံးသို့လာရောက်ခြင်းများကိုပါ လုပ်ဆောင်ရဲခြင်း မရှိဖြစ်နေကြကြောင်း Non CDM ဝန်ထမ်းများနှင့် နီးစပ်သူများထံမှ သိရသည်။