စမ်းချောင်းနှင့် မြောက်ဒဂုံမြို့နယ်တွင် ဗုံးသုံးကြိမ်ပေါက် တစ်ဦးထိခိုက်ဒဏ်ရာရရှိ

Author အောင်နိူင်သူ
Categories
Published on Oct 11, 2022

စမ်းချောင်းနှင့် မြောက်ဒဂုံမြို့နယ်တို့တွင် ယမန်နေ့ ညပိုင်းက ဗုံးသုံးကြိမ်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်တွင် ယမန်နေ့ည ရှစ်နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ဗားကရာလမ်းထောင့်က အမှိုက်ပုံးမှာပေါက်တာလို့ကြားတယ် လူတွေတော့ ထိခိုက်မှုမရှိဘူး စစ်တပ်ကတော့ ဗုံးပေါက်ပြီး စစ်တာဆေးတာရှိတယ်”ဟု ပြောသည်။

မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက် ပင်လုံလမ်းတွင် ယမန်နေ့ညနေ ငါးနာရီခွဲကလည်း ဗုံးပေါက်ကွဲမှု့ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တောင်း စီးတီမတ်နားမှာပေါက်တာ ကားတစ်စီးထိတယ် ကားမောင်းသမားလည်း ထိသွားတယ် သေဖို့များတယ်”ဟု ပြောသည်။

အလားတူပင် မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက်မှာလည်း ယမန်နေ့ မနက်ပိုင်းက မြို့နယ်ဘောလီဘောကွင်းအနီးမှာမပေါက်ကွဲသေးသည့် လက်လုပ်ဗုံးကို တွေ့ရှိပြီး စစ်ကောင်စီတပ်တွေက ယမ်းကပ်ဖောက်ခွဲခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပစ်ခတ်မှုနဲ့ဗုံးပေါက်မှု့များဖြစ်ခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့သည်။