စဉ့်ကူးတွင် စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးသည့်အပြင် ငါးဦးဒဏ်ရာရ

မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ်တွင်ရောက်ရှိနေသော စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးသည့်အပြင် အရပ်သားပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။
ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ စာကျက်ကြီးနှင့် စာကျက်ကုန်းရွာတို့တွင် ရောက်ရှိနေသော အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်သားများသည် 120 mm နှင့် 81mm လက်နက်ကြီးများဖြင့် အချက် ၂၀ ထက်မနည်း အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“၂၄ ရက်ညတည်းက စပစ်တယ်။ ၂၅ နှစ်(အရွယ်)အမျိုးသမီး၊ အသက် ၈၀ အရွယ် ခြေထောက်မှန်တယ်။ သူရဲ့မြေး ၁၄ နှစ်ကလေးတစ်ယောက်ဆုံးသွားတယ်ဗျ။ မနေ့ညကလည်း လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တယ်။ အရင်နေ့ကလည်း ပစ်တယ်။ လက်ရှိစစ်ကြောင်းရှိသေးတယ်လို့သိရတယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။
သေဆုံးသူကလေးငယ်၏ မိခင်နှင့် အသက် ၈၀ ခန့် အဖွားအပါအဝင် ရွာသာရွာ၊ ငှက်စားရွာနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ သစ်ဆိပ့်ရွာတို့မှ ဒေသခံတစ်ဦးစီ လက်နက်ကြီး ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၃ နာရီခန့်ကလည်း စဉ့်ကူးမြို့နယ်မှ အထက်ပါစစ်ကောင်စီတပ်များက လက်နက်ကြီး ၅ ချက်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ရွှေဂုဏ်တိုင်၊ ညောင်ရွာ၊ ရွှေဘယက်ရွာများထဲသို့ကျရောက်၍ ရွှေဘယက်ရွာထဲရှိ နွားတစ်ကောင် သေဆုံးပြီး နွားနှစ်ကောင် လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Wetlet Informational Network