စစ်အုပ်စုသည် လက်တဆုပ်စာနိုင်ငံများမှလွဲပြီး နိုင်ငံတကာဆက်ဆံရေး၌ သုညအဆင့်ရောက်ရှိနေကြောင်း PNFC ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 11, 2022

 

စစ်အုပ်စုသည် လက်တဆုပ်စာနိုင်ငံများမှ လွဲပြီး နိုင်ငံတကာ ဆက်ဆံရေး၌ သုညအဆင့်ရောက်ရှိနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၏ ၇၃ နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် CDM လူထုအရေးတော်ပုံကြီးမှအစ နွေဦးတော်လှန်ရေး တလျှောက်လုံးပါ၀င်ဆင်နွှဲနေသည့် ပအိုဝ်းတော်လှန်ရေးမျိုးဆက်သစ်များနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်မှု တော်လှန်ရေးတွင် ပါ၀င်ဆင်နွှဲနေကြသူများ ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ် ညီလာခံကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး၊ ထိုညီလာခံမှ ဖွဲ့စည်းပေးခဲ့သော ပအိုဝ်းအမျိုးသားကောင်စီသည် လက်နက်ကိုင် လမ်းစဉ်အပါအ၀င် နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းပါ၀င်ဆင်နွှဲခဲ့ရာ ယနေ့တွင် တစ်နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

၇၃ နှစ်မြောက်သည့် ယနေ့အချိန်ကာလတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးသည် တောင်ပေါ်မြေပြန့် ဒေသပေါင်းစုံမှ တိုင်းရင်းသားပေါင်းစုံ၊ ပြည်သူလုထုတစ်ရပ်လုံးက အရှိန်အဟုန်ဖြင့် စုပေါင်းတော်လှန်တိုက်ပွဲ၀င်နေကြသည့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ နွေဦးတော်လှန်ရေး သမိုင်းဖြစ်စဉ်တွင် တသာတည်းပါ၀င်နေပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးတွင် ကျဆုံးခဲ့သူများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသူများကိုလည်း အလေးပြု ဦးညွတ်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နွေဦးတော်လှန်ရေး၏ စုပေါင်းရလဒ်အနေဖြင့် စစ်အာဏာရှင်စနစ်ဆိုး ကိုဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အလားအလာကောင်းများကို တွေ့ရှိနေရပြီး အထောက်အပံ့ကောင်းများကိုလည်း ရရှိနေပြီဖြစ်ကြောင်း၊ ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် ချုပ်ကိုင်ခြယ်လှယ်ခဲ့သည့် စစ်အာဏာရှင်စနစ်သည် ပြိုကွဲလုနီးပါးဖြစ်နေပြီဟု PNFC ကဆိုသည်။

စစ်အုပ်စုသည် စစ်ရေးအရရှုံးနိမ့်မှုများကို ဆက်တိုက်ရင်ဆိုင်နေရပြီး အုပ်ချုပ်ရေးယန္တရားကိုလည်း အပြည့်အ၀ကိုင်တွယ်နိုင်စွမ်းမရှိတော့ကြောင်း၊ လေကြောင်းအင်အား၊ လက်ကြီးအင်အားစသည့် သာလွန်အင်အားသုံးကာ ပြည်သူလူထုအပေါ် ရက်ရက်စက်စက်ဖိနှိပ်နေသော်လည်း ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုလုံး၀ကျဆုံးသွားခြင်းနှင့်အတူ အလွဲလွဲအချော်ချော်သော မူဝါဒများနှင့် စီမံခန့်ခွဲမှုတို့ကြောင့် တိုင်းပြည်၏ စီးပွားရေးယန္တရား ရပ်တန့်လုနီးနီးဖြစ်နေပြီဖြစ်သည်ဟု PNFC က ထုတ်ပြန်ထားသည်။

ယင်းအပြင် နိုင်ငံတကာဆက်ဆံရေးတွင်လည်း လက်တဆုပ်စာနိုင်ငံများကလွဲပြီး စစ်အုပ်စု၏ ကိုယ်စားပြုပိုင်ခွင့်သည့် သုညအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ကြီးသည်လည်း ပအိုဝ်းပြည်သူများကိုယ်တိုင် ပါ၀င်လှုပ်ရှားလျက်ရှိသည့် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကာ၊ အမေရိကန်ပြည် ထောင်စုသည်လည်း နွေဦးတော်လှန်ရေးအင်အားစုများကို ကူညီရန် ဥပဒေရေးဆွဲခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့် ပအိုဝ်းပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတိုက်ပွဲတို့တွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်ရန် PNFC က ပန်ကြားထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #PNFC