စစ်အုပ်စုရဲ့ အစိုးရရုံးတွေ ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်ကနေ ရုံးလုပ်ငန်းဆောင်ရွက်မှု (WFH) စတင် E-Government စနစ်မဟုတ်လို့ ဝန်ထမ်းအားလုံးနီးပါး အိမ်မှာအိပ်နေရ

Author CJ Platform
Categories
Published on Mar 25, 2026

စက်သုံးဆီရှားပါးမှုကို ဖြေရှင်းနိုင်ရေးဆိုကာ စစ်အုပ်စုက သူတို့ လက်အောက်ခံ အစိုးရရုံးဌာနတွေရဲ့ ရုံးလုပ်ငန်းတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်ကနေသာ ဆောင်ရွက်ဖို့ (Work from Home) ညွှန်ကြားချက်အရ ဒီကနေ့ မတ် ၂၅ ရက်က စတင်ခဲ့ပြီးနောက် ရန်ကုန်မြို့အတွင်းက အစိုးရရုံးဌာန အများစုကို ပိတ်ထားတယ်လို့ သိရပါတယ်။

အစိုးရရုံးဌာနတွေ အဓိကတည်ရှိရာ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းက စာတိုက်ကြီး၊ အခွန်ရုံး၊ တရားရုံး၊ ဆက်သွယ်ရေးရုံးနဲ့ အကောက်ခွန်ရုံးတွေဟာ ဗုဒ္ဓဟူးနေ့ ရုံးပိတ်ရက် အစီအစဉ်အရ ပိတ်ထားတာကို တွေ့ရှိရပါတယ်။

 

ဒါပေမယ့် လက်ရှိကာလဟာ ပင်စင်လစာတွေ ထုတ်ပေးနေတဲ့ ရက်ပိုင်းဖြစ်တာကြောင့် အဆင်ပြေစေဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲတချို့ကိုတော့ ငွေထုတ်ပေးနိုင်ဖို့ သီးသန့် ဖွင့်လှစ်ပေးထားတယ်လို့ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“တရားသူကြီးတွေ Work from Home လုပ်တဲ့အတွက် ဒီနေ့မှာ တရားရုံးတွေ ပိတ်ထားပါတယ်။ အမှုစစ်ရမယ့် ရက်တွေကိုတော့ နောက်ရက်တွေကို ပြောင်းပြီး ချိန်းဆိုလိုက်ရပါတယ်” လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

 

အစိုးရဌာနတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆောင်ရွက်နေရတဲ့ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတချို့ကတော့ ရုံးလုပ်ငန်းတွေ ပိုမိုကြန့်ကြာသွားမှာကို စိုးရိမ်နေကြပါတယ်။

“အွန်လိုင်းကနေ အပြီးအစီး လုပ်လို့ရတဲ့ စနစ်က အားလုံးမှာ မရှိသေးတော့ တချို့ကိစ္စတွေက လူကိုယ်တိုင်သွားမှ ဖြစ်တာ။ ဗုဒ္ဓဟူးနေ့ ရုံးပိတ်သွားတော့ ကျန်တဲ့ရက်တွေမှာ လူပိုတိုးပြီး ပိုစောင့်ရမှာကို စိုးရိမ်မိတယ်” လို့ ရုံးလုပ်ငန်းကိစ္စ လာရောက်ဆောင်ရွက်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

 

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ E-Government စနစ်ကို မပြောင်းလဲနိုင်ဘဲ Work from Home လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ အစီအမံဟာ ဝန်ထမ်းတွေကို ဗုဒ္ဓဟူးနေ့တိုင်း အိမ်ပြန်အိပ်ခိုင်းနေတာနဲ့ တူတယ်လို့ ဆိုပါတယ်။

“Work from Home ဆိုတော့ ငွေသွင်းဖို့ အိမ်လိုက်သွားပါတယ် ဆရာကြီးကိုစာရေးက အိပ်နေတယ်၊ အဲဒီတော့ လက်ဖက်သုပ်စားပြီး ပြန်လာလိုက်တာပေါ့ E-Government မဟုတ်ဘဲ Work from Home ဆိုတော့ ဇိမ်ပါပဲ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။