စစ်အုပ်စုစစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီး စစ်သင်္ဘောတစ်စင်းနဲ့ မော်တော် ၄စင်း ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်မှာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စု စစ်သင်္ဘောတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သင်္ဘောနဲ့ မော်တော်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
လက်နက်ခဲယမ်းတွေနဲ့ အစားအသောက်ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောအုပ်စုကို အမှတ် ၁ စစ်ဒေသ မော်လိုက်ခရိုင်တပ်ရင်းတွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖောင်းပြင်မြို့နယ် နေရာနှစ်ခုမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
မော်လိုက်ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ်တပ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စု စစ်သင်္ဘောတစ်စင်း၊ မော်တော် ၄စင်း မီးလောင်ပျက်စီးခဲ့သလို စစ်အုပ်စုတပ်သား သုံးဦး သေဆုံးခဲ့ကာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မော်လိုက်ခရိုင် တပ်ရင်း ၃ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းတွင်းမြစ်အတိုင်း အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်အုပ်စုစစ်သင်္ဘောတွေ တိုက်ခိုက်ခံရချိန် စစ်အုပ်စုဘက်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့သလို လက်နက်ကြီးတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုစစ်ဆင်ရေးကို အမှတ် ၁ စစ်ဒေသလက်အောက်ခံ မော်လိုက်ခရိုင် ကွပ်ကဲရေးရုံးတပ်ဖွဲ့၊ ခရိုင်တပ်ရင်း ၁ ၊ ၂ ၊ ၃၊ ၄ နဲ့ မော်လိုက်မြို့နယ်၊ ဖောင်းပြင်မြို့နယ်တို့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ စစ်ဒေသ လက်ရုံးတပ်တွေ၊ ခန္တီးခရိုင်လက်နက်ကြီးအဖွဲ့၊ တမူးခရိုင် လက်နက်ကြီးအဖွဲ့နဲ့ ကသာခရိုင် အမှတ် ၂ တပ်ရင်း လက်နက်ကြီးအဖွဲ့တို့က ချင်းတွင်းမြစ်ကြောင်း “ငမန်းစစ်ဆင်ရေး” အမည်နဲ့ စစ်ဆင်ရေးပူးပေါင်းဖော်ဆောင် တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့တဲ့ စစ်အုပ်စုစစ်ရေယာဉ်တွေကို ဖောင်းပြင်မြို့နယ်မှာ ဆိုက်ကပ်ခဲ့ပြီး ကျန်စစ်သင်္ဘောနဲ့ စစ်ရေယာဉ်တွေ ဟုမ္မလင်းမြို့ဘက်ကို ဆက်လက်ဆန်တက်သွားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – မော်လိုက်ခရိုင်း တပ်ရင်း ၃ (Snapshot)