စစ်အုပ်စုက ကုန်သွယ်ခွင့် ပိတ်ထားလို့ လေးမျက်နှာမြို့မှာ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေ

Author CJ Platform
Categories
Published on Aug 07, 2025

အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ကို စစ်အုပ်စုက ကုန်သွယ်ခွင့်တွေ ပိတ်ထားတာကြောင့် စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပြီး ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

လမ်းပိုင်းတွေ ပိတ်ဆို့ထားတာနဲ့ ကုန်သွယ်ခွင့်တွေကို ကန့်သတ်ထားတာကြောင့် ဒေသတွင်းမှာ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“ဆေးလိပ်တောင် ဈေးကြီးတော့ ဖက်ကြမ်းအတိုတွေ ရှာရှာသောက်နေရတာ။ စားသောက်ကုန်တွေ တော်တော်များများကတော့ ရခိုင်က ဝင်တာများတယ်။ ဧရာဝတီဂိတ်တွေမှာက အသွင်းမခံဘူးလေ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လေးမျက်နှာမြို့နယ်အတွင်း စားဆီ တစ်ပိဿာကို နှစ်သောင်းရှစ်ထောင်ကျပ် ပေါက်ဈေးဖြစ်နေပြီး ကြက်သွန်နီ တစ်ပိဿာကို နှစ်သောင်းကျော်၊ ကြက်သွန်ဖြူ တစ်ပိဿာကို လေးသောင်းကျော်အထိ အခြေခံစားကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သခွားသီးတစ်လုံးကို ကျပ် ၃,၅၀၀ ခန့်ရှိပြီး ကွမ်းရွက်တစ်ပိဿာ ငါးသောင်းကျပ်၊ ခြင်ဆေးခွေတစ်ဗူး လေးထောင့်ငါးရာကျပ်၊ ဆေးပေါ့လိပ်တစ်စီးကို တစ်သောင်းဝန်းကျင်အထိ မြင့်တက်နေပါတယ်။

 

“အဆင်မပြေကြဘူး။ ငွေလွှဲထုတ်ရင်တောင် တစ်သိန်းကို ရှစ်ထောင်ပေးရတယ်။ တိုက်ပွဲတွေလည်း ပုသိမ်-မုံရွာ ကတ္တရာလမ်းပေါ် ရောက်နေပြီ။ ဒီဇယ်၊ ဓာတ်ဆီဈေးတွေကလည်း တစ်လီတာကို တစ်သောင်းခွဲကျော်နေတာ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် လေးမျက်နှာမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ဆန်တစ်ပြည် ၂,၀၀၀ ကျပ်၊ ဆီတစ်ပိဿာ ၆,၈၀၀ ကျပ်နှုန်းတို့နဲ့ ရောင်းချပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

စစ်ကော်မရှင်က ရောင်းချပေးခဲ့တာဟာ လေးမျက်နှာ မြို့ပေါ်မှာ အချိန်ပိုင်းလေးသာ ရောင်းချပေးခဲ့တာဖြစ်ပြီး ဒါဟာ စစ်ကော်မရှင်ရဲ့ ဟန်ပြလုပ်ရပ် သက်သက်သာ ဖြစ်တယ်လို့ လေးမျက်နှာ မြို့နယ်ဒေသခံတွေက ဝေဖန်နေကြပါတယ်။

 

လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်းရှိ လက်တံငယ်ကျေးရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စုက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့နဲ့ အင်အားအများအပြား ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – CJ