စစ်အုပ်စုကြောင့် သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ၂၆၀၀ ကျော်ပါဝင်နေ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူ ၇၀၁၈ ဦးအထိ ရှိခဲ့ပြီး ဒီအထဲမှာ အမျိုးသမီး ၁၇၄၁ ဦးနဲ့ ကလေးငယ် ၈၆၂ ဦးအထိ ပါဝင်နေပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်အုပ်စုဖမ်းဆီးတာကို ခံခဲ့ရသူစာရင်းနဲ့ သေဆုံးခဲ့သူစာရင်းတွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်လာရာမှာ ထည့်သွင်းဖော်ပြထားတာပါ။
စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၇၀၀၀ ကျော်ကို အေအေပီပီက အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ သေဆုံးသူ ၃၈၀၀ ဝန်းကျင်ရဲ့စာရင်းကိုလည်း အေအေပီပီက သီးခြားပြုစုထားသလို ဆက်လက်အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ ဖမ်းဆီးခံရမှုနောက်ပိုင်း သေဆုံးခဲ့သူ ၂၁၅၂ ဦးအထိရှိခဲ့ပြီး အကျဉ်းထောင်အတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၂၀၂၄ ခုနှစ်အတွင်း ၃၀ ဝန်းကျင်ရှိခဲ့သလို အခုနှစ် ၂၀၂၅ ပထမခြောက်လအတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
စစ်တပ်အာဏသိမ်း လေးနှစ်ခွဲကျော်ကာလအတွင်း ဖမ်းဆီးခံရသူ ၂၉၀၀၀ ကျော်ရှိခဲ့ပြီး ဒီအထဲမှာ အမျိုးသမီး ၆၁၃၀ ဦးနဲ့ ကလေးသူငယ် ၆၂၂ ဦးအထိ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်ထိ ဖမ်းဆီးခံရဆဲ ကလေးသူငယ်ပေါင်း ၂၄၆ ဦးနဲ့ အမျိုးသမီး ၄၂၆၄ ဦးအထိရှိနေတယ်လို့လည်း အေအပီပီရဲ့ ဇူလိုင် ၃၁ ရက် အစီရင်ခံစာအရ သိရပါတယ်။
ဓာတ်ပုံ – အဂ္ဂ
ပုံစာ – စစ်အုပ်စုကြောင့် အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသူတစ်ဦး