စစ်အာဏာသိမ်းမှုအလွန် ယခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ တစ်နိုင်ငံလုံး တိုက်ပွဲပေါင်း ၇၈၀၀ ကျော်ဖြစ်ပွားခဲ့

Author လင်းခိုင်
Categories
Published on Nov 22, 2022

 

စစ်အာဏာသိမ်းမှုအလွန် ယခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ တစ်နိုင်ငံလုံး တိုက်ပွဲပေါင်း ၇၈၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

၂နှစ်နီးပါး ကာလအတွင်း နိုင်ငံတ၀န်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ၊ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ(EAOs) အကြား တိုက်ပွဲပေါင်း ၄၅၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ အကြားတိုက်ပွဲဖြစ်ပွားမှုသည်လည်း ၂၂၆၇ ကြိမ်ထက်မနည်းရှိခဲ့ကာ၊ EAOs များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု ၉၂၅ ကြိမ်ထက်မနည်းရှိခဲ့သည်။

တစ်နိုင်ငံလုံးဖြစ်ပွားသော တိုက်ပွဲများ၏ ၅၇ ရာခိုင်နှုန်းသည် EAOs တပ်ဖွဲ့နှင့် စစ်ကောင်စီ တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလအတွင်း EAOs နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု ၆၂၂ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်အာဏာသိမ်းမှုအလွန် ယခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ တိုက်ပွဲဖြစ်ပွားမှုသည် ကရင်ပြည်နယ်တွင် အများဆုံးဖြစ်ကာ ၄၃၉၄ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၉၁၉ ကြိမ်၊ ချင်းပြည်နယ်တွင် ၅၈၈ကြိမ်၊ မကွေးတိုင်းတွင် ၃၄၁ကြိမ်၊ ကယားပြည်နယ်တွင် ၃၃၉ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၉၁ကြိမ်၊ ပဲခူးတိုင်းတွင် ၂၅၉ကြိမ်၊ မါန်ပြည်နယ်တွင် ၂၄၄ကြိမ်၊ ကချင်ပြည်နယ်တွင် ၂၁၃ကြိမ်၊ တနင်္သာရီတိုင်းတွင် ၁၀၇ ကြိမ်၊ မန္တလေးတိုင်းတွင် ၇၃ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၄၈ကြိမ်၊ ရန်ကုန်တိုင်းတွင် အကြိမ် ၃၀၊ ဧရာ၀တီတိုင်းတွင် ၈ ကြိမ်နှင့် နေပြည်တော်တွင် ၁ ကြိမ်ဖြစ်ပွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများ ပိုမိုမြင့်တက်လာပြီး မြို့နယ်ပေါင်း ၁၉၁ မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ ယင်းမြို့နယ်များအနက် ဖာပွန်မြို့နယ်တွင် တိုက်ပွဲပေါင်း ၃၉၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများဆုံးတိုက်ပွဲဖြစ်ပွားသည့် မြို့ဖြစ်သည်။

ထို့ပြင် ယခုနှစ်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၅ မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု ၅၇ ကြိမ်ထက်မနည်းရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု ၁၂ ကြိမ်ထက်မနည်း အများဆုံးဖြစ်ခဲ့ကာ၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှု ၃၇ ဦးထက်မနည်းရှိခဲ့ကြောင်း၊ ဖားကန့်မြို့နယ်၊ အနန့်ပါဖြစ်စဉ်တွင်လည်း အရပ်သားများအပါအ၀င် သေဆုံးသူ ၇၀ ထက်မနည်းရှိခဲ့သည်ဟု ISP Myanmar စစ်တမ်းတွင်ဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ISP #စစ်အာဏာသိမ်း #တိုက်ပွဲဖြစ်ပွားမှု