စစ်အာဏာသိမ်းမှုအလွန် ယခုနှစ် အောက်တိုဘာလအထိ နေအိမ်၊ အဆောက်အအုံံ ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ်

Author လင်းခိုင်
Categories
Published on Nov 08, 2022

 

စစ်အာဏာသိမ်းမှုအလွန် ယခုနှစ် အောက်တိုဘာလအထိ နေအိမ်၊ အဆောက်အအုံ ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကြောင်း ISP Myanmar စစ်တမ်းအရသိရသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲဖြစ်စဉ်များကြောင့် နေအိမ်၊ အဆောက်အအုံ (ဘာသာရေး အဆောက်အဦးများ အပါအ၀င်) ၃၈၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ၉၄ ရာခိုင်နှုန်းကျော်သည် ၂၀၂၂ ခုနှစ်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်နေ့အတွင်း နိုင်ငံအနှံ့ နေအိမ်၊ အဆောက်အအုံ ၁၅၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အဆိုပါ ပမာဏသည် စစ်ကိုင်းတွင် ၁၁၂၄ လုံးထက်မနည်း၊ မကွေးတိုင်းတွင် ၃၇၁ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုအလွန် ယခုနှစ် အောက်တိုဘာလအထိ မီးရှို့ခံရမှု စာရင်းများအရ စစ်ကိုင်းတိုင်းသည် ၂၆၉၇၀ လုံးဖြင့် အများဆုံးမီးရှို့ခံခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် မကွေးတိုင်းတွင် ၈၈၆၆ လုံး၊ ချင်းပြည်နယ်တွင် ၁၁၇၅ လုံး၊ ကယားပြည်နယ်တွင် ၄၃၈ လုံး၊ ချင်းပြည်နယ်တွင် ၂၆၂ လုံး၊ မွန်ပြည်နယ်တွင် ၁၆၇ လုံး၊ မန္တလေးတိုင်းတွင် ၁၁၁ လုံး၊ တနင်္သာရီတိုင်းတွင် ၁၀၂ လုံး၊ ကရင်ပြည်နယ်တွင် ၃၅ လုံး၊ ပဲခူးတိုင်းတွင် ၃၁ လုံးနှင့် ရခိုင်ပြည်နယ်တွင် ၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ မြို့နယ် ၈၁ ခုတွင် နေအိမ်၊ အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး၊ စစ်ကိုင်း ရွှေဘိုမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် နေအိမ် အဆောက်အအုံ ၆၅၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဓာတ်ပုံ- Google

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform