စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၁၅၀ အား ဖမ်းဆီးပြီး၊ လေးဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ဦးကျော်မိုးထွန်း ကုလအစည်းအဝေး၌ တင်ပြ

Author လင်းခိုင်
Categories
Published on Oct 21, 2022

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး လပေါင်း ၂၀ အတွင်း စစ်တပ်မှ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၀န်ထမ်း ၁၅၀ဦးအား ဖမ်းဆီးပြီး၊ လေးဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေး၌ တင်ပြခဲ့သည်။

အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် ၇၇ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီမှ သတင်းအချက်အလက်နှင့် ပြန်ကြားရေး ဆိုင်ရာ ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တရားမ၀င်စစ်အာဏာသိမ်းမှုဖြစ်ခဲ့သည့် အချိန်မှစကာ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင် သတင်းထောက်များ၏ လုပ်ဆောင်နိုင်ခွင့်များ ဆိုးရွားစွာ ကန့်သတ်ခံနေရကြောင်း၊ စစ်တပ်အား ဆန့်ကျင်သည်ဟု ယူဆသည့် သတင်းသမားများနှင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများအား လူမဆန်သည့် နည်းလမ်းမျိုးစုံသုံးပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သံအမတ်ကြီးက ပြောကြားသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း သတင်းဌာန ၅ခုအား မှတ်ပုံတင်များရုတ်သိမ်းခြင်း၊ သတင်းဌာန ရုံးခန်းများအထိ၀င်ရောက်ကာ အခန်းရှိပစ္စည်း ကိရိယာများကို ဖျက်ဆီးပြီးနောက် သတင်းဌာန ၁၂ခုအထိ ပိတ်သိမ်းစေခဲ့ကြောင်း၊ ပြည်တွင်း၊ ပြည်ပ သတင်းသမားများနှင့် မီဒီယာ ၀န်ထမ်း ၁၅၀ ဦးအား ဖမ်းဆီးထိန်းသိမ်းရာ ပိုလန်၊ ဂျပန်နှင့် အမေရိကန်တို့မှ သတင်းသမားများပါ၀င်ကြောင်း၊ သတင်းသမား ၄ဦးအား စစ်တပ်မှ ရက်စွက်စွာသတ် ဖြတ်ခဲ့သည်ဟု သံအမတ်ကြီးက ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် သီတင်း နှစ်ပတ်ခန့်တွင် ဆန္ဒထုတ်ဖော်ခြင်းကို သတင်းရယူခဲ့သည့် ဂျပန်သတင်းထောက် Toru Kubota အား စစ်တပ်မှ ယုတ္တိမရှိသော ဥပဒေပုဒ်မဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်ဟု သံအမတ်ကြီးကပြောကြားသည်။

ထို့ပြင် စစ်ကောင်စီသည် ဝါဒဖြန့်မှုများကို စစ်တပ်ပိုင် မီဒီယာများမှ တစ်ဆင့် လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများသို့ ဖြန့်ဝေခြင်းနှင့် နိုင်ငံတကာရှိ မြန်မာသံရုံးများမှ အိမ်ရှင်နိုင်ငံများသို့ ဖြန့်ဝေခြင်းများ လုပ်ဆောင်နေကြောင်း၊ သတင်းထောက်များအား ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းသည် လက်ခံနိုင်ဖွယ်ရာမရှိကြောင်း၊ စစ်တပ်၏ မီဒီယာဖိနှိပ်မှုများကို ဖော်ထုတ်ပေးရန်နှင့် စစ်တပ်ပိုင် သတင်းဌာနများမှ သတင်းမှားဖြန့်ဝေမှုများ အဆုံးသတ်ရန် ၊ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ၏ သတင်းအချက်အလက် စင်တာမှ အနီးကပ်ကြီးကြပ်ပေးရန်နှင့် ဖြစ်ရပ်မှန်များကို နိုင်ငံတကာ အသိုက် အ၀န်းသိရှိစေရန် နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ပေးစေလိုသည်ဟု သံအမတ်ကြီးက ကုလသမဂ္ဂသို့ တောင်းဆိုခဲ့သည်။
ဓာတ်ပုံ – RFA

Related News

Depend on news