စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၄၀ရာခိုင်နှုန်းခန့် ပိတ်သိမ်းသွား

Author ခေတ်နီ
Categories
Published on Nov 30, 2022

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံ အများအပြား အပါအဝင် စက်ရုံများ ပိတ်သိမ်းမှုသည် ၄၀ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ၏ ပြုစုထားသည့် စာရင်းများအရ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမတည်ငြိမ်မှုနှင့် အခြားသော အခြေအနေများကြောင့် ရန်ကုန်တိုင်း အတွင်းရှိ အထည်ချုပ်စက်ရုံနှင့် အခြားစက်ရုံများပိတ်သိမ်းမှုသည် ၄၀ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ပြီး အများစုသည် လှိုင်သာယာနှင့် ရွှေပြည်သာစက်မှုဇုန်များမှ စက်ရုံများ ဖြစ်သည်။

ထိုသို့ စက်ရုံပိတ်သိမ်းမှုများရှိနေသော်လည်း အချို့စက်ရုံများမှာ ပိတ်သိမ်းပြီးလအနည်းငယ်အကြာတွင် နာမည်အသစ်ပြောင်းကာ ပြန်လည်ဖွင့်လှစ်မှုများလည်း ရှိနေခဲ့သည်။

“အဓိကပိတ်တာက အလုပ်ရှင်က မရပ်တည်နိုင်တော့လို့ပိတ်ရှိတယ်၊ တချို့ကအလုပ်သမားတွေကို သူတို့ ရပိုင်ခွင့်တွေ မပေးချင်လို့ အကြောင်းအမျိုးမျိုးပြပြီးပိတ်နေကြတာ”ဟု အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးမှ CJ Platform သို့ ရှင်းပြသည်။

ထိုသို့ ပိတ်သိမ်းပြီးနောက် ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေသည့် စက်ရုံအများစုတွင် လခစား အလုပ်သမားများထက် နေ့စားအလုပ်သမားများကို အများအပြား အသုံးပြုနေမှုများရှိနေပြီး ယခုလို ဖြစ်ပေါ်နေမှုများသည် နေ့စားအလုပ်သမားများအား အလွန်အကျွံ အလုပ်ခိုင်းစေမှုများနှင့် ၎င်းတို့အပေါ် လုပ်သား အခွင့်အရေးချိုး ဖောက်မှုများ ပိုမို လုပ်လာနိုင်ချေများလဲ ရှိနေသည်။

“သူတို့က ဒီရုံကို ပိတ်လိုက်တယ် နောက်နည်းနည်းကြာရင် နာမည်အသစ်နဲ့ တစ်ရုံထပ်ဖွင့်တယ် နေ့စားတွေ အများကြီး ခေါ်သုံးတယ်၊ ဘာဖြစ်လာလဲဆိုတော့ လုပ်သားစျေးကွက် အသစ်ဖြစ်လာတယ် လခစားအလုပ်သမားဆို လစာက အပြည့်ပေးရတာလေ နေ့စားအလုပ်သမားဆို လုပ်အားဖြစ်ညှစ်ပြီးခိုင်းလို့ ရတယ် အိုတီဆိုလဲ အိုတီကြေးမပေးပဲခိုင်း သူတို့လုပ်ချင်တိုင်း လုပ်ရတာပေါ့ အထည်ဆိုလဲ အလုပ်နိုင်တဲ့စံချိန်ကို ငြင်းဆိုခွင့်မရှိဘူး ချုပ်ပေးနေရတာ”ဟု အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးမှ CJ Platform သို့ပြောသည်။

ယခုလို စက်ရုံပိတ်သိမ်းမှုများသည် ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းအတွင်းမှာလည်း စက်ရုံပတ်သိမ်းမှုများရှိနေပြီး ယခုနှစ်ကုန်ပိုင်းအထိ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ ၂၀ ခန့်သည့် စက်ရုံပိတ်သိမ်းရန်အတွက် အလုပ်သမားဝန်ကြီးဌာနကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – CJ
ပုံစာညွှန်း- ပိတ်သိမ်းခဲ့သည့် စက်ရုံတစ်ရုံအား မြင်ရပုံ ပုံအဟောင်း

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စက်ရုံ #ပိတ်သိမ်းမှု #အလုပ်သမား