စစ်အာဏာရှင် အမြစ်ဖြတ်ရေးသည် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘုံရည်မှန်းချက်ဖြစ်ဟု ဦးရည်မွန်ဆို တော်လှန်ရေးပြီးလျှင် ဖက်ဒရယ်နှင့် နယ်မြေသတ်မှတ်ရေးတို့ကို စားပွဲဝိုင်းပေါ်တွင် အင်အားမသုံးဘဲ ဆွေးနွေးမည်ဟုဆို

Author လင်းနွေဦး
Categories
Published on Dec 13, 2023

စစ်အာဏာရှင် အမြစ်ဖြတ်ရေးသည် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EROs)၏ ဘုံရည်မှန်းချက်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MoD)ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

MoDက ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် “ပြည်သူ့ တော်လှန်ရေး ရှေ့ခရီး” ဟု ခေါင်းစဉ်တပ်၍ ဦးရည်မွန်က ပြောကြားချက်အတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“NUG နဲ့ EROs တွေကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထားရှိပြီလားလို့ မေးရင် အရေးကြီးပြီး အခြေခံကျတဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထားများ ရှိပြီးဖြစ်တယ်လို့ ဖြေချင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

 

နိုင်ငံရေးအပြင် စစ်ရေးတွင်လည်း မဟာဗျူဟာပိုင်း ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ရှိခဲ့သကဲ့သို့ ယခုအချိန်ထိရှိနေဆဲဖြစ်သည်ဟု ဦးရည်မွန်က သတင်းစကားပါးပါတယ်။

 

ဆက်လက်ပြီး NUG ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အတွင်း “လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ပဲ။ တော်လှန်ရေးအောင်တဲ့အခါ ဖက်ဒရယ်ယူနစ်ကိစ္စ၊ ဖက်ဒရယ်ယူနစ်တစ်ခုချင်းစီရဲ့ နယ်မြေ၊ နယ်နိမိတ်သတ်မှတ်ရေးကိစ္စ စသဖြင့် ကိုယ့်အချင်းချင်းကြား ပြောစရာတွေအများကြီး ရှိပါလိမ့်မယ်” ဟု ပြောသည်။

 

အဆိုပါကိစ္စများ ကိုင်တွယ်သည့်အခါ အင်အားမသုံးဘဲ စားပွဲဝိုင်းပေါ်တွင်သာ ကျေလည်အောင်  ပြောဆိုဆွေးနွေးကြမည်ဆိုသည်မှာလည်း အားလုံး သံန္နိဌာန်ချထားပြီးဖြစ်ကြောင်း ဦးရည်မွန်က ဆက်ပြောသည်။

 

တရုတ်အကူအညီဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တွေ့ဆုံခဲ့ရာတွင် အပြုသဘောဆောင်သည့် ရလဒ်များရရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားပြီး‌နောက် ယနေ့ ဒီဇင်ဘာ ၁၃ ရက်တွင် ပြည်တွင်းလက်နက်ကိုင်များနှင့် NUG ဘုံသဘောထားကို ထုတ်ပြောလာခြင်းဖြစ်သည်။

 

မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်အကူအညီနှင့်တွေ့ဆုံခဲ့သည်ဟု ဆိုလာခြင်းကြောင့် ပြည်သူအများ အရှိန်အဟုန်ကောင်းနေသည့် နိုင်ငံတစ်ဝှမ်းစစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲများ အဆုံးသတ်သွားမည်ကို စိုးရိမ်မှုများရှိနေကြသည်။

 

ဦးရည်မွန်၏ အဆုံးသတ်ပြောကြားချက်တွင် “တော်လှန်တဲ့ ပြည်သူတွေနဲ့အတူ တော်လှန်ရေးအဖွဲ့တွေ ရှေ့ဆက်ချီတက်နေပါတယ်” ဟု ပြောဆိုခဲ့သည်။