စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အချိန်အခါကောင်းဖြစ်ကြောင်း KIO ဆို

Author လင်းခိုင်
Categories
Published on Nov 01, 2022

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အချိန်အခါကောင်းဖြစ်ကြောင်း KACHIN INDEPENDENCE ORGANIZATION(KIO) က ယနေ့တွင်ကျရောက်သည့် ABSDF ၃၄ နှစ်ပြည့်သို့ ပေးပို့သည့် သ၀ဏ်လွှာတွင်ဖော်ပြထားသည်။

တော်လှန်ရေးကာလအတွင်း အာဏာရှင်အစိုးရ၏ သပ်လျှိုသွေးခွဲမှု နိုင်ငံရေးလှည့်ကွက် အမျိုးမျိုးဖြင့် ကျုံးသွင်းမှုများကို ရင်ဆိုင်ဖြတ်ကျော်ကာ ABSDF ၏ မူလဦးတည်ချက် ၄ ရပ်အတိုင်း မမှိတ်မသုန် တော်လှန်ရေးလုပ်ငန်း ကြိုးပမ်းဆောင်ရွက်နေသည်ကို လေးစားအသိအမှတ်ပြုကြောင်း သ၀ဏ်လွှာတွင်ဖော်ပြထားသည်။

ထို့ပြင် တော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်တပ်အား ရွံ့ရွံ့ချွန်ချွန် တိုက်ပွဲ၀င်ရင်း အသက်ပေးလှူခဲ့ကြသော အာဇာနည်ရဲဘော်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ပေးဆပ်ခဲ့ကြသော သူရဲကောင်းရဲဘော်အပေါင်းတို့ကို ထာ၀စဉ်ဂုဏ်ပြုသည်ဟု သ၀ဏ်လွှာတွင်ဆိုထားသည်။

ယနေ့အချိန်သည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အောင်မြင်စွာအကောင်အထည်ဖော်သွားရန် မြန်မာနိုင်ငံသားအားလုံး ကျရာအခန်းကဏ္ဍတွင် အင်တိုက်အားတိုက် ပါ၀င်ကြိုးပမ်းနေသည့် နိုင်ငံရေးအကူးအပြောင်းကာလအချိန်အခါကောင်းဖြစ်သည်ဟု လည်းဆိုထားသည်။

တဖက်တွင် စစ်ကောင်စီတပ်သည် အာဏာသက်ဆိုးရှည်ရန် ရည်ရွယ်ပြီး အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လူသားမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်း၊ လူနေအိမ်များနှင့် အရပ်သားများ၏ စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်းစသည့် အဖျက်အမှောက်လုပ်ငန်းများကို နိုင်ငံအနှံ့အပြားတွင် ကျူးလွန်လျက်ရှိသည်ဟု သ၀ဏ်လွှာတွင် ရေးသားထားသည်။

ထို့ကြောင့် စစ်အာဏာရှင်စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ပျက်ပြားသွားစေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံးလိုလားနေသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ ဆက်လက်ပူးပေါင်လက်တွဲသွားရန် သ၀ဏ်လွှာ၌ တိုက်တွန်းထားသည်။

Related News

Depend on news