စစ်သင်္ဘောသုံးစင်းကို ပမာပြု၍ ရုန်းထွက်ကြစေလို

Author အယ်ဒီတာ
Categories
Published on Feb 11, 2024

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောသုံးစင်းအား ရက္ခိုင့်တပ်တော်မှ ခြေမှုန်းတိုက်ခိုက်ခဲ့သည်။ ထိုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား ၇၀၀ ဝန်းကျင်အထိ သေဆုံးသွားသည်ဟု CJ Platform မှ သတင်းရရှိမှုအရ သတင်းဖော်ပြခဲ့သည်။ သတင်းဖော်ပြမှုအပြီးတွင် စစ်ကောင်စီတပ်သားများ၏ မိသားစုဝင် အများအပြား CJ Platform သို့ ဆက်သွယ်လာကြသည်။

 

၎င်းတို့ ဆက်သွယ်မှုသည် သေဆုံးသူများစာရင်းတွင် မိမိတို့ မိသားစုဝင်များ ပါဝင်မှု ရှိမရှိ စစ်ဆေးပေးရန် တွေ့ရှိပါက အကြောင်းကြားပေးရန် ဆက်သွယ်ခြင်းဖြစ်သည်။ CJ Platform အယ်ဒီတာများသည် ငိုသံများဖြင့် ဆက်သွယ်လာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များအားလုံးနီးပါးအား ကောင်းမွန်စွာ စကားလက်ခံ ဖြေကြားပေးခဲ့သည်။ ၎င်းတို့ အလိုရှိသည်မှာ မိမိတို့ မိသားစုဝင်များ သေဆုံးသွားပြီဟု သိရှိရပါက သက်ပျောက်ဆွမ်း ရက်လည်ဆွမ်းများ ကပ်လှူရန်အတွက် ဖြစ်ကြသည်။

 

စစ်ကောင်စီခေါင်းဆောင်များသည် ၎င်းတို့သစ္စာခံ တပ်ဖွဲ့ဝင်များ သေဆုံးမှုကို ဂရုမထားခဲ့ကြ။ ၎င်းတို့ သစ္စာခံ တပ်ဖွဲ့ဝင်များ သေဆုံးခြင်းအား မိသားစုဝင်များကိုပင် သတင်းမျှဝေခြင်း အကြောင်းကြားခြင်း မရှိသည်ကို အယ်ဒီတာများမှ အံ့ဩစွာ သိရှိခဲ့ရသည်။

 

လာရောက်ဆက်သွယ် မေးမြန်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များအနက် အချက်အလက်ပြည့်စုံစွာ ပေးအပ်၍ မေးမြန်းခဲ့သူများအား လူသားချင်းစာနာစွာဖြင့် ရရှိထားသည့် အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးကာ အယ်ဒီတာအဖွဲ့မှ အကြောင်းပြန်ကြားပေးခဲ့သည်။

 

သေဆုံးသွားသူများ၏ သတင်းဓာတ်ပုံများကိုမူ CJ Platform မှ လက်ခံရရှိထားခြင်း မရှိသေးသလို စစ်ကောင်စီမှလည်း အဖြစ်မှန်အား ဝန်ခံခြင်း မရှိသေးပေ။ ဖြစ်စဉ်အတွင်း သေဆုံးသွားသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအတွက်တော့ မည်သည့်အချိန်များ သိရမလဲဟု ပူပန်နေမည်မှာ အမှန်တရားပင် ဖြစ်သည်။ ထိုသို့ ဖြစ်စဉ်များအား မသိရှိစေရန်အတွက်လည်း စစ်ကောင်စီသည် ရခိုင်ဒေသအပါအဝင် ဒေသအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခဲ့သည်။ သတင်းမှန် သိပိုင်ခွင့်သည့် ပြည်သူများ၏ အခြေခံအခွင့်အရေးများအနက် တစ်ခုအပါအဝင်ဖြစ်သည်ကို ချိုးဖောက်ခဲ့သည့် စစ်ကောင်စီတပ်ကြောင့် ၎င်းတို့ သစ္စာတော်ခံ မိသားစုဝင်များသည်လည်း အဖြစ်မှန်ကို သိရှိရန် မလွယ်ကူဖြစ်ခဲ့ရသည်။

 

မိသားစုဝင်များ ဆုံးရှုံးခြင်းအား မိမိတို့ အယ်ဒီတာအဖွဲ့အနေဖြင့် များစွာ စာနာမှုရှိပါသည်။ မိမိတို့သည်လည်း စစ်ကောင်စီ လက်ချက်ဖြင့် မိသားစုဝင်များ သူငယ်ချင်း မိတ်ဆွေများစွာကို ဆုံးရှုံးခဲ့ရသည်။ အကောင်းပတိ အိမ်တွင်းနေထိုင်သူအား အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးပြီးနောက် အလောင်းပါ ပြန်မရသည့် ဖြစ်စဉ်များစွာကိုလည်း မြန်မာနိုင်ငံသားများစွာ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။

 

မီးသည်ပူသည်။ မီးသုံးစွဲနေသူသည် သုံးစွဲနေစဉ် ပူမှန်းမသိသေးသော်လည်း မိမိကိုယ်ကိုယ် မီးဟပ်လာချိန်တွင်မူ ပူလောင်ခြင်းအား ခံစားရမည်ဖြစ်သည်။

 

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သစ္စာခံ လက်အောက်ငယ်သားများ၏ အသက်များကိုပင် အမှုမထား ပူဆွေးနေသည့် မိသားစုများကိုလည်း စာနာမှု မရှိသည်မှာ ယခု စစ်သင်္ဘောသုံးစင်း ဖြစ်စဉ်သည် ပေါ်လွင်လှပေသည်။

 

မတရားမှုအား သိရှိပါက တရားသည့်ဘက်မှ ရပ်တည်ရန် လိုအပ်ပေသည်။ စစ်သင်္ဘောသုံးစင်းကို ပမာပြု၍ ရုန်းထွက်ကြစေလိုကြောင်း CJ Platform မှ တိုက်တွန်းရေးသားလိုက်ပါသည်။