စစ်ရှောင်ကာလ ကြာမြင့်လာမှုကြောင့် နာတာရှည်ရောဂါ ခံစားနေသည့် စစ်ရှောင်များအတွက် အခက်အခဲများစွာ ဖြစ်လာနေ

Author ခေတ်နီ
Categories
Published on Dec 29, 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ရှောင်များအတွင်းမှ နာတာရှည်ဝေဒနာ ခံစားနေရသည့် စစ်ရှောင်များသည် စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့၏ ဝေဒနာအတွက် ဆေးဝါးကုသမှု ခံယူနိုင်ရန် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲများသည် တိုင်းရင်းသား လက်နက်ကိုင်များ အားကောင်းသည့် နယ်စပ်ဒေသများတွင်တင် မဟုတ်တော့ပဲ နိုင်ငံအလယ်ပိုင်းဒေသများအထိ ပျံ့နှံ့ ပြင်းထန်လာခဲ့တာပဲ ဖြစ်သည်။

ယခုလို တိုက်ပွဲများ ဖြစ်ပေါ်လာခြင်းနှင့် စစ်ကောင်စီတပ်၏ ကျေးရွာများကို ဦးတည်ထိုးသည့် စစ်ကြောင်းများကြောင့်များကြောင့် နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်များသည် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်နေပြီး ဒုတိယအများဆုံးမှာ ကရင်နီပြည်(ကယားပြည်နယ်)တွင်ဖြစ်သည်။

ထို့အပြင် ယခုကဲ့သို့ စစ်ဘေးတိမ်းရှောင်သူများအတွင်းမှာ ကလေးများအပါအဝင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ဝေဒနာသည်များပါ ပါဝင်နေပြီး ၎င်းတို့အတွက် ဆေးဝါးကုသမှုပေးရာမှာ အခက်အခဲများ ရှိနေခြင်းဖြစ်သည်။

“ကျနော်တို့က တချို့ပေါ့ ဥပမာ- ကျောက်ကပ်ဆေးဖို့ လိုတဲ့သူတွေကိုပေါ့၊ အဲ့လိုရှိလာရင် ကျနော်တို့က အဆင်ပြေအောင် လုပ်ပေးဖို့ အင်မတန်ခက်ခဲတယ်၊ ကျနော်တို့က ဘာလုပ်ပေးနိုင်လဲဆိုတော့ မြို့တွေဆီကို လွှဲပေးရတယ်၊ နောက်တခုက စစ်ကောင်စီဘက်က ဆေးဝါးသယ်ပို့တာတွေ ကန့်သတ်မှုထားတော့ အရေးပေါ်အခြေအနေတွေဆို အတော်ဒုက္ခများရတယ်”ဟု ကန့်ဘလူမြို့နယ်အတွင်း စစ်ဘေးရှောင်များအား ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်သူ ကိုဂျောင်ဒီအွန် က CJ Platform ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ စစ်ဖြစ်ပွားရာဒေသများကို ဆေးဝါးတင်ပို့ခြင်း ထိန်းချုပ် ကန့်သတ်နေတာကြောင့် ဆေးကုသပေးနိုင်သည့် ဆရာဝန်များ ရှိနေသည့်တိုင်အောင် ဆေးဝါးလိုအပ်ချက်မှာ စစ်ဘေးရှောင်များအတွက် စိန်ခေါ်မှုတစ်ခုလို ဖြစ်နေသည်။

“အဓိကက ကျနော်တို့ ဆေးတွေဝယ်ဖို့ ငွေရှိရင်တောင် ဆေးကို အလွယ်တကူမရဘူး၊ နောက်တချက်က ဝိသမလောဘသားတွေပေါ့ ဒါကိုအခွင့်ကောင်းယူပြီး စျေးတွေတင်ထားကြတာပေါ့ ဆေးလုံလုံလောက်လောက်မရလို့ သေချာကုမရပဲ သေသွားတဲ့ စစ်ရှောင်တချို့ရှိတယ်၊ ဒါကနာတာရှည်တွေပေါ့ ဒီဖက်ကမြွေပေါတယ် မြွေကိုက်ခံရတဲ့သူတွေဆို ထိုးရင် ဆေးကတလုံးကို ၂ သိန်းနီးပါးထိ စျေးရှိတယ် ၊ အဲ့လိုတင်လာကြတော့ ကျနော်တို့က စျေးကို ပြန်ထိန်းရတာတွေ ရှိတယ်”ဟု ကိုဂျောင်ဒီအွန်မှ ဆက်လက်ပြောကြားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ နေညမပြတ် စစ်ကြောင်းထိုးမှုများကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာတောတောင်များတွင်သာ အဆင်ပြေသလိုနေထိုင်နေရပြီး ယင်းသို့ နေထိုင်မှု အခက်အခဲများကြောင့်လည်း နာတာရှည်ဝေဒနာသည် စစ်ဘေးရှောင်များအတွက် ဝေဒနာ ပိုတိုး၍လာနေတာပဲ ဖြစ်သည်။

“ညဖက်တွေဆို အေးလာရင် အဆစ်တွေကိုက်လာတာက မခံစားနိုင်အောင်ပဲ နေရတာက လေလုံတယ်ဆိုရုံလေးပဲလေ၊ အိမ်ကလဲ သူတို့(စစ်ကောင်စီတပ်)က မီးရှို့လို့ ပါသွားတယ်၊ အရမ်းဆိုးလာရင်တောင် ဆေးပြဖို့က လွယ်ကူမနေတော့ ကြိတ်မှိတ်နေရတာပဲ”ဟု ကန့်ဘလူမြို့နယ်အတွင်းရှိ
အသက် ၅၀ အရွယ် လေးဖက်နာ ရောဂါခံစားနေရသူ စစ်ရှောင်အမျိူးသမီးတစ်ဦးက ၎င်းကြုံတွေ့ နေရသည်ကို ပြောပြသည်။

သူမကဲ့သို့ စစ်ဘေးရှောင်များအတွက် အခက်ခဲသည် ဆေးဝါးကုသမှု တစ်ခုတည်းတင် မဟုတ်ဘဲ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးစဥ်တွင် စားနပ်ရိက္ခာများကိုပါ ဖျက်ဆီးခဲ့တာကြောင့် စားဝတ်နေရေး အခက်အခဲများပါ ရင်ဆိုင်ကြုံတွေ့နေရတာပဲ ဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းမှုနောက် ဖြစ်လာသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ဦးရေသည် ၁ သန်းကျော်ထိ အထိရှိနေပြီး ၎င်းတို့၏ နေစဉ်နေထိုင်ရမှုများသည် ဒုက္ခဆင်းရဲများ ကြုံတွေ့ရင်းဖြင့်သာ ဖြတ်သန်းနေရတာပဲ ဖြစ်သည်။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ဘေးရှောင် #နာတာရှည်