စစ်ရှုံးပြီးနောက် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့်ဗိုလ်မှူးကို  CDF-Daai မှ အသေဖမ်းမိကာ (၅၉)ဦးကို အရှင်ဖမ်းမိခဲ့

Author မယ်ဘယ်ကိုး
Categories
Published on Mar 02, 2024

ရက္ခိုင့်တပ်တော် AA နှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ရှုံးပြီးနောက် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများ CDF-Daai  နှင့် ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားကာ တပ်ရင်းမှူးနှင့် ဗိုလ်မှူးအပါအဝင် လေးဦးကို အသေဖမ်းမိခဲ့ပြီး (၅၉) ဦးကို အရှင်ဖမ်းမိထားကြောင်း CDF-Daai အထွေထွေအတွင်းရေးမှူး ဆလိုင်း အိုက်ဘက်စ်မှ CJ Platform သို့ပြော သည်။

 

ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလ နှစ်လအတွင်း CDF-Daai နှင့် စစ်ရှုံး၍ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်များအား လေးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်တောင်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး၊ ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦးအပါအဝင် စုစုပေါင်းစစ်သား (၁၅) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ချင်းအမျိုးသားတပ်မတော်( CNA) နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့တို့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လောင်းပွီတောင် စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ CDF-Daai အဖွဲ့ထံ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီး သုံးဦးအပါအဝင် စစ်သား (၂၃)ဦး တို့မှ အလင်းဝင် လက်နက်ချခဲ့ကြောင်း သိရသည်။

 

“ဖေဖော်ဝါရီလ ၂ ရက်နေ့မှာဘဲ လှိန်းရှိန်တောင်စစ်ဆင်ရေး ထပ်လုပ်တော့ စကခ (၁၅) ဘူးသီးတောင် အခြေစိုက်လက်အောက်ခံ ခမရ (၂၂၃) တပ်ရင်းက တင်းရင်းမှူးနဲ့ ဗိုလ်မှုးအပါအဝင် ၄ ဦးကို အသေဖမ်းမိတယ် ၊ နောက် ၁၄ ယောက် ကိုလည်း အရှင်ဖမ်းမိတယ်”ဟု CDF-Daai အထွေထွေအတွင်းရေးမှူး ဆလိုင်း အိုက်ဘက်စ် ကပြောသည်။

 

ထို့နောက် ဖေဖော်ဝါရီလ (၁၀) ရက်နှင့် (၂၁) ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ ဗိုလ်မှူး နှစ်ဦးနှင့် ဗိုလ်ကြီးသုံးဦး အပါအဝင် စစ်သား ခုနစ်ဦးကို ထပ်မံဖမ်းဆီးရခဲ့ကြောင်း CDF-Daai အထွေထွေအတွင်းရေးမှူး ဆလိုင်း အိုက်ဘက်စ်မှပြောသည်။

 

“၂၃ ဦးကတော့ အသာတကြည် အလင်းဝင်တာပေါ့၊ ကျန်တဲ့ဖမ်းဆီးမိတဲ့ စစ်ကောင်စီတွေကတော့ တိုက်ပွဲမှာ ဖမ်းမိတာပါ၊ သူတို့နဲ့အတူ လက်နက်ခဲ့ယမ်းတွေပါလာတာရှိတယ်၊သူတို့ကို စစ်သုံ့ပန်းဥပဒေတွေနဲ့ အညီ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများမှာ ချင်းပြည်နယ် ပလက်ဝဒေသအတွင်းမှ ရက္ခိုင့်တပ်တော် (AA) နှင့်ထိတွေ့မှု တွေကြောင့် ထွက်ပြေးလာသည့် စစ်သားများဖြစ်သည်ဟုသိရပြီး ဖမ်းဆီးရမိသည့် စစ်သားများ ကို ဆေးကုသပေးနေရကြောင်းလည်း သိရသည်။

 

“ကျွန်တော်တို့ ထိန်းချုပ်နယ်မြေက သွားလာရခက်ခဲတယ်၊ ဒါကြောင့် သူတို့ကို ကုသပေးဖို့ လိုအပ်တဲ့ဆေးဝါးနဲ့ အဝတ်အစားတွေကိုလည်း သယ်ရတာခက်ခဲနေတယ်၊ ထိန်းသိမ်းထားတဲ့နေရာကို စစ်ကောင်စီတွေ သိသွားရင်ဆိုတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်” ဟု ၎င်းမှ ဆက်လက်ပြောသည်။

 

စစ်ကောင်စီတပ်သားများအနေဖြင့် တိုက်ပွဲတွင် ပစ်ခတ်ပြီး အလင်းဝင်မည့်အစား အသာတကြည် အလင်းဝင်ရောက်ကြရန်ကိုလည်း ၎င်းမှ တိုက်တွန်းထားသည်။

 

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသအတွင်း စစ်ကောင်စီမှ ဇန်နဝါရီ (၂၉) ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ခုနစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။