စစ်ရေးရလဒ်တွင် စစ်ကောင်စီ ဗဟိုချက်ကို ကိုင်လှုပ်ကာ ပင်စည်အရင်းကို လှဲပစ်နိုင်ရန်လိုကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Dec 27, 2022

 

စစ်ရေးရလဒ်တွင် စစ်ကောင်စီ ဗဟိုချက်ကို ကိုင်လှုပ်ကာ ပင်စည်အရင်းကို လှဲပစ်နိုင်ရန်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှိးက ယနေ့တွင်ပြုလုပ် သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ၊ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းရှိတယ်ဆိုတာ တွေ့ရပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ထိုကဲ့သို့ ခုခံတော်လှန်နိုင်မှုသည် အရင်းအနှီးကြီးသည်ကို မမေ့ရန်လိုကြောင်း၊ ပျက်စီးသွားသည့် စည်းစိမ်ဥစ္စာများသည် ပြန်လည်ရှာဖွေလို့ရသော်လည်း လူထု သွေး၊ ချွေးရင်ထားသည့် တစ်ပြား၊ တစ်ကျပ်သည် အင်မတန် တန်ဖိုးရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ နွေဦးတော်လှန်ရေးမှာ ပါ၀င်မြှုပ်နှံထားတဲ့ အရင်းအနှီးတွေဟာ တိုင်းတာဖို့ မလွယ်လောက်အောင် များပြားပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်သည် ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်နိုင်မည့် နိုင်ငံရေးရလဒ်တစ်ခု ထပ်မံပေါ်ထွက်အောင်ကြိုးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးရလဒ်သည် လူထုယုံကြည်မှုရရန် တစ်ခုတည်းအတွက်မဟုတ်ပဲ၊ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်ထွန်းရန်အတွက် အရေးကြီးသည့် ခြေလှမ်းသစ်ဖြစ်ရန် ရည်ရွယ်ကြောင်း ယာယီသမ္မတက ဆိုသည်။

“ စစ်ရေးရလဒ်မှာလည်း စစ်ကောင်စီရဲ့ ဗဟိုချက်ကို ကိုင်လှုပ်နိုင်မည့် အောင်မြင်မှုများကို ဖန်တီးနိုင်ရန် လိုအပ်တယ်လို့ ယူဆပါတယ်။ စစ်ကောင်စီရဲ့ လက်တံတွေ၊ ဒေါက်တိုငတွေထဲမှာ အဖျားသား အနားသားတွေကို ထိုးနှက်နေခြင်းထက် ပင်စည်အရင်းကို လှဲပစ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ယူဆပါတယ်” ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်သည် စစ်ကောင်စီ၏ ပင်မအရင်းကို တူးဖြိုပစ်ရမည့် အချိန်ရောက်ပြီဟု ယုံကြည်ကြောင်း၊ ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျဆင်နွှဲသည့်နေရာတွင် ခုခံရုံနှင့် မရဘဲ၊ စစ်ကောင်စီ အရှိုက်ကို ကိုင်လှုပ်နိုင်မည့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရမည်ဟု ယူဆကြောင်း ယာယီသမ္မက ပြောကြားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ