စစ်ရေးရည်မှန်းချက်ပြည့်မှသာ နိုင်ငံရေးရည်မှန်းချက်များကို အထောက်အကူပြုမည်ဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Jan 08, 2024

မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့သည့် ၁၀၂၇ စစ်ဆင်ရေး (၇၃) ရက်မြောက်သည် အထိ တစ်ရက်မျှ မနားဘဲ  စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်နေခြင်းသည် စစ်ရေးရည်မှန်းချက်ပြည့်မှသာ နိုင်ငံရေးရည်မှန်းချက်များကို အထောက်အကူဖြစ်စေမည်ဟု ၁၀၂၇ စစ်ဆင်ရေးက ကောင်းစွာ သင်ခန်းစာပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) ညတွင် ထုတ်ပြန်ခဲ့သည်။

 

၂၀၂၄ ခုနှစ် နှစ်အစ၏ တစ်ပတ်တာအတွင်းတွင် ညီနောင်သုံးဖွဲ့အနေဖြင့်  ၄င်းတို့၏ စစ်ဆင်ရေးနှင့် ပြည်သူလူထုကို အနှောက်အယှက်ပေးနေပြီး စစ်ရေးအရ မဖြစ်မနေ သိမ်းပိုက်ရမည့် မြို့ကြီးအချို့ အပါအဝင် ရန်သူ့စခန်းကြီးများကိုပါ သိမ်းပိုက်ရယူထားနိုင်ခဲ့သည်ဟု ဆိုသည်။

 

ယမန်နေ့ တစ်ရက်တည်းတွင်လည်း ရှမ်းပြည်(မြောက်ပိုင်း)ရှိ သိန္နီအခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) ၏ နောက်တန်းဌာနချုပ်ကို နံနက် (၁၀) နာရီဝန်းကျင် နှင့် ကွတ်ခိုင်ဗျူဟာကုန်းတို့ကို ည (၁၁) နာရီဝန်းကျင် အချိန်တို့တွင် အပြီးပြတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

 

လက်ရှိတွင် ညီနောင်သုံးဖွဲ့အဖွဲ့ဝင်များသည် လှုပ်ရှားရာဒေသအသီးသီးတွင် အောင်ပွဲကိုယ်စီ ရယူထားနိုင်ပြီဖြစ်ပြီး ကိုးကန့်တပ် (MNDAA) သည် ကိုးကန့်တို့၏ အိမ်ပြန်လမ်းဖြစ်သည့် လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဟု ဇန်နဝါရီ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

 

တအာင်းတပ်မတော် (TNLA) သည်လည်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံစသည့် မြို့ခြောက်မြို့အပြင် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၈၀) ဝန်းကျင်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ အလားတူပင် ရက္ခိုင့်တပ်တော် (AA) သည်လည်း ရက္ခိုင်ပြည် အနှံ့အပြားနှင့် ချင်းပြည် ပလက်ဝမြို့နယ်တို့တွင်ရှိသော စစ်ကောင်စီ၏ ဗျူဟာကုန်းကြီးများအပါအဝင် စခန်းပေါင်း (၁၅၀) ဝန်းကျင်ကို သိမ်းပိုက်ထားနိုင်ပြီကိုလည်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

 

ရှမ်းမြောက်ရှိ တအာင်းစစ်ဒေသနှင့် ရက္ခိုင်ပြည်အနှံ့အပြားတွင် စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်ဆင်ရေးပစ်မှတ်များနှင့် လက်နက်ချ အညံ့မခံသေးသည့် စစ်ကောင်စီတပ်များကိုလည်း ဆက်လက် ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် အသာတကြည်လက်နက်ချပါက ထုတ်ပြန်ထားသည့်အတိုင်း ဆက်ဆံမည်ဖြစ်ပြီး အညံ့ခံ လက်နက်ချသူများကိုလည်း ပြည်သူများက ပြည်သူ့သူရဲကောင်းများအဖြစ် စစ်အာဏာရှင် ဖြုတ်ချရေးသမိုင်းတွင် အသိအမှတ်ပြုမည်ဟု ဖော်ပြထားပြီး လက်နက်ချအညံ့ခံရန်လည်း တိုက်တွန်းထားသည်။