စစ်မှုထမ်း ဥပဒေကြောင့် လယ်လုပ်သားရှားပါးနေပြီး တောင်သူကြီးတွေ လယ်မလုပ်နိုင်

စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ကျေးရွာတွေမှာ မနေထိုင်ရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လယ်လုပ်သားရှားပါးလာနေပြီး တောင်သူကြီးတွေ လယ်မလုပ်နိုင်တဲ့အထိ ဒီနှစ် စိုက်ပျိုးရာသီမှာ ရင်ဆိုင်နေရတယ်လို့ ဧရာဝတီတိုင်းအတွင်းရှိ တောင်သူကြီးတွေက ပြောပါတယ်။
ကောက်စိုက်သမတွေသာ ငှါးရမ်းလို့ရနေပြီး လယ်ပြင်၊ ပေါင်းရှင်း၊ စက်မောင်းနဲ့ လယ်သူရင်းငှါးလုပ်ဆောင်ဖို့အတွက် ငှါးရမ်းလို့ မရဘူး တောင်သူကြီးတွေက ပြောပါတယ်။
“ဆယ်လံငါးကွက်လောက် တနိုင်တပိုင်လုပ်နေတဲ့ သူတွေကတော့ ကိုယ်တိုင်လုပ်နိုင်တာမို့ အဆင်ပြေတယ်၊ စိုက်ဧကများသူတွေကျ စက်တွေရှိရင်တောင် စက်မောင်းနဲ့ သူရင်းငှါးတွေက လိုတယ်လေ”လို့ လပွတ္တာမြို့နယ်က တောင်သူကြီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စပါးစျေးနှုန်းတွေဟာလည်း စိုက်ပျိုးရာသီသုံးခုဆက်တိုက် ကျဆင်းခဲ့တာကြောင့် သွင်းအားစု စိုက်ထုတ်ဖို့ကိုလည်း တောင်သူတွေမှာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တနိုင်တပိုင် စိုက်ပျိုးတဲ့ တောင်သူတွေဟာလည်း အခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှာ ရွှေခရုအဖျက်ကို ရင်ဆိုင်ခဲ့ရတာ၊ ပုလဲကဲ့သို့သော သွင်းအားစုတွေ စျေးနှုန်းမြင့်တက်တာ၊ ရွှေခရုဖျက်အပြီး ပျိုးထပ်ကြဲချိန်မှာ ရေကြီးနစ်မြုပ်တာတွေကြောင့် စိုက်လယ်ဧက ထက်ဝက်မက လျှော့ချ စိုက်ပျိုးနေရတယ်လို့ သိရပါတယ်။
“လုပ်သားငှါးမရတော့ ခရုလဲ ကောက်ဖို့၊တားဖို့ အတော်ခက်တယ်၊ ပျိုးထောင်စိုက်ဖို့လူလဲ မရှိတော့ ပျိုးကြဲတာမှာ မိုးကြီးတော့ အကုန်လဲကုန်တယ်”လို့ ကျောင်းကုန်းမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စပါးအဓိက စိုက်ပျိုးတဲ့ ဒေသအများစုမှာ ပဋိပက္ခတွေကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိသလို ပဋိပက္ခနည်းပါးပြီး စစ်အုပ်စု ကြီးစိုးထားတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း စစ်မှုထမ်းဥပဒေကြောင့် လုပ်သားငှါးရမ်းမရတာ၊ စပါးစျေးနှုန်းကျဆင်းတာကြောင့် အရှုံးပေါ်ပြီး ဆက်လက်စိုက်ပျိုးနိုင်ခြင်း မရှိတာတွေကို တောင်သူတွေမှာ ရင်ဆိုင်နေရပါတယ်။