စစ်မှုထမ်းဥပဒေဖော်ဆောင်နေသည့် အင်းစိန်စုပေါင်းရုံး ဗုံးခွဲတိုက်ခိုက်ခံရ

Author ကိုထက်
Categories
Published on Mar 30, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်နေသည့် မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချူပ်ရေးမှူးရုံးအပါအဝင် ရုံးပေါင်းစုံရှိရာ စုပေါင်းရုံးကို မတ်လ (၂၉)ရက် ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ယင်းရုံးအနီးနေထိုင်သူများထံမှ သိရသည်။

 

မတ်လ(၂၉)ရက် ည ၉ နာရီကျော်တွင် အဆိုပါရုံးအနီးမှ ပေါက်ကွဲသံများနှင့် သေနတ်ပစ်ခတ်သံများ အချိန်အတော်ကြာ ကြားခဲ့ရ‌ကြောင်း ရုံးအနီးနေပြည်သူများက ပြောသည်။

 

“ညက ဆက်တိုက်တွေပဲပေါက်တာကတော့။ သေနတ်သံတွေလည်း တော်တော်ကြာကြာ ကြားရတယ်။ အဲဒီစုပေါင်းရုံးနားကပဲ။ အဲဒီရုံးပဲဖောက်ခွဲခံရတာထင်တယ်။ ဆက်တိုက်ပဲ ငါးကြိမ်လောက်ရှိမယ်။ ပေါက်ကွဲသံက” ဟု စုပေါင်းရုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ဖြစ်သည့် Anonymous Fighter Forces( AFF)အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ မြို့နယ်အတော်များများတွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း ပြည်သူများက လူမှုကွန်ရက်များတွင် ‌ရေးသားထားကြသည်။

 

ယမန်နေ့ ည ၈ နာရီကျော်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ဂျပန်လမ်းအနီးရှိ မင်္ဂလာဒုံလေတပ်အိမ်ရာဝင်းအတွင်း ဗုံးသုံးလုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုဖောက်ခွဲမှုကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Dark Shadow အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၇ ရက် ညပိုင်းက လူစည်ကားချိန် ရန်ကုန်မြို့လယ်ခေါင် ဆူးလေကုန်းတံတားအနီးတွင် ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ရာတွင် သုံးဦးအသက်အန္တရာယ်စိုးရိမ်ရကြောင်း CJ Platform က စုံစမ်းသိရှိရသည်။

 

ပြီးခဲ့သည့်မတ်လဆန်းပိုင်းကလည်း အင်းစိန်မြို့နယ်က လေတပ်အရာရှိဝန်ထမ်းအိမ်ရာကို ရန်ကုန်မြို့ပြပြောက်ကြားတပ်ဖွဲ့က နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့သည်။ အလားတူ မှုခင်းတပ်ဖွဲ့(CID)ရုံး၊ အင်းစိန်အကျဉ်းထောင်အနီးတို့ရှိ ဈေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိခဲ့သည်။