စစ်မှုထမ်းဥပဒေဖော်ဆောင်ရန်ကြိုးပမ်းနေသည့် ရန်ကုန် မြို့နယ်နှစ်ခုက စစ်ကောင်စီပစ်မှတ်နေရာများကို ဖောက်ခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများအပါအဝင် ငါးဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Mar 26, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့က သင်္ဃန်းကျွန်းနှင့် လှိုင်သာယာမြို့နယ်တို့ရှိ စစ်မှုထမ်းဥပဒေဖော်ဆောင်ရန်ကြိုးပမ်းနေသည့်ပစ်မှတ်များကို ယမန်နေ့(မတ်လ ၂၅)ရက် ညပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ငါးဦးဒဏ်ရာရရှိကြောင်း ပေါက်ကွဲမှုဖြစ်ပွားရာအနီးနေထိုင်သူများနှင့် အုပ်ချုပ်ရေးနှင့်နီးစပ်သူများထံမှ သိရသည်။

 

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ရဲစခန်းနှင့် လှိုင်သာယာ (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပေါက်ကွဲမှုများ အသီးသီးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

“သုဝဏ္ဏရဲစခန်းမှာ ပေါက်တာ။ အကျယ်ကြီးပဲ။ စံပြဈေးဘက်ကတောင် ကြားရတယ်။ ရဲနှစ်ယောက်ဒဏ်ရာရတယ်ပြောတယ်။ ညကတော့ အဲဒီနားတဝိုက် စစ်နေကြတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

အလားတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်ကွဲမှုဖြစ်ချိန် အတူရှိနေသည့် ယင်းအုပ်ချုပ်ရေးမှူးရုံးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

“ည ၁၀ နာရီထိုးခါနီးလောက်က အထဲမှာ ကျွန်တော်တို့ရယ်၊ တပ်ရယ်၊ အုပ်ချုပ်ရေးမှူးနဲ့အစည်းအဝေးလုပ်နေကြတုန်း ရုံးပေါက်ဝနားကိုပစ်လိုက်တာ။ အသံတော့ တော်တော်ကျယ်ကျယ်ပဲ။ ဂိတ်စောင့်နေတဲ့ စစ်သား (၃)ဦး ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။

 

ယင်းတိုက်ခိုက်မှုနှစ်ခုကို ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Urban Justice အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန်ကြိုးစားနေသည့် စစ်ကောင်စီဒေါက်တိုင်များ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းများကလည်း ရန်ကုန်မြို့ရှိ အင်းစိန်လေတပ်ဝန်ထမ်းအိမ်ရာ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က အရာရှိရိပ်သာတို့ကို ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသေးသည်။