စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ ဘာတွေစိုးရိမ်နေကြသလဲ
နိုင်ငံအနှံစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို ကြေညာလိုက်ပါတယ်။ စစ်ကောင်စီကြောင့် လူငယ်တွေ ဘာတွေစိုးရိမ်နေကြသလဲ၊ မိခင်တွေ၊ ဇနီးမားတွေက ဘာတွေစိုးရိမ်နေကြပါသလဲ ဒီတစ်ပတ် CJ Platform ရဲ့ ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
****************************************
“ကျေးညီနောင်လိုပဲ။ ခိုးသားတွေ လက်ထဲရောက်သွားတဲ့ ကျေးတော့အဖြစ်မခံနိုင်ဘူး”
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှ အသက် ၂၃နှစ်ရွယ် လူငယ်တစ်ဦးရဲ့ တီးတိုးသံ
စိုးရိမ်တာပေါ့ဗျာ။ မတရားဘူးလို့လည်းခံစားရတယ်။ သာမန်ရိုးရိုး စစ်ပညာသင်ပေးတာမျိုးမဟုတ်ဘဲ ထိုးကျွေးတဲ့ ပုံစံမျိုးနဲ့ခေါ်တာကြီး ဖြစ်တာဆိုတော့ မလန့်ဘဲဘယ်ရှိမလဲ။ နေရာတိုင်းလိုလိုမှာလည်း သူတို့(စစ်ကောင်စီ)ပဲ ရှုံးနေတာလေ။ အင်အားနည်းပါးနေတာကို အတင်းအဓမ္မ အင်အားလာစုတာ။ နောက်ပြီး ပေါ်တာတွေဆွဲနဲ့ဆိုတော့ ဘယ်လိုမှမလုံခြုံဘူးလေ။ ပြောချင်တာက ကျေးညီနောင်လိုပဲ။ ခိုးသားတွေ လက်ထဲရောက်သွားတဲ့ ကျေးတော့အဖြစ်မခံနိုင်ဘူး။ စိတ်အရမ်းလေးတယ်။ အခုကတည်းက သွားဖို့တော့ ချိတ်ဆက်နေတယ်။ အကယ်၍ မသွားရသေးခင်ဖြစ်လာရင်တော့ အရင်ရှောင်ရမှာပေါ့။ ပြည်သူကချစ်တဲ့၊ ပြည်သူကိုချစ်တဲ့ တပ်ထဲပဲဝင်မယ်။ ပြည်သူဒုက္ခပေးတဲ့ ကောင်တွေထဲတော့ လုံးဝ မဝင်နိုင်ပါဘူး။
လူတစ်စုကောင်းစားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးမခံနိုင်ဘူး။ စတေးရမယ့်အတူတူ အများအတွက်ပဲ စတေးမယ်။ အဲဒါကြောင့် ဘာမှဖြစ်မလာခင်ပဲ ရုန်းထွက်ချင်တယ်။ အဲဒီနေ့ သေမယ်ဆိုရင်တောင် ပြည်သူ့တပ်ထဲရောက်မှ တိုက်ရင်းသေမယ်။ သေရမှာမကြောက်ဘူး။ မတရားညှင်းပန်းမှုတွေ၊ မတရားဥပဒေ တွေအောက်မှာ အသက်မပေးချင်ဘူး။ မဖြစ်ခင်မပြင်ဆင်ဘဲ တွေးနေတဲ့သူတွေ ထိပ်တိုက်တွေ့ရင် ရင်ဆိုင်ဖို့ခက်ခဲလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆက်တွေးစရာမရှိတော့ဘူး။ နဖူးတွေ့ဒူးတွေ့ပဲ။ အခုက အမြန်ဆုံးပဲ သွားချင်နေတော့တာ။
****************************************
” မြန်မာနိုင်ငံမှာ ရှိသမျှလူတွေကို တစ်ယောက်ချင်းစီ စိတ်ဒုက္ခပေးနိုင်တာတော့ လေးစားတယ်”
ဧရာဝတီတိုင်း ပုသိမ်မြို့မှ အသက် ၂၈နှစ်အရွယ် လူငယ်တစ်ဦးရဲ့ တီးတိုးသံ
ရင်ထဲမကောင်းဘူးဗျာ။ အိပ်မက်တွေလမ်းစပျောက်ကုန်တယ်။ အပြင်ထွက်အလုပ်လုပ်ဖို့ ဘာသာစကားသင်နေတာ။ ဒီနှစ်ကုန်သွားဖို့ လုပ်ထားတာ။ အခုက ဗီဇာကိစ္စတွေက ဘာမှန်းမသိတော့ မျှော်လင့်ချက်တွေ ပျောက်ကုန်တယ်။
ဆန္ဒကတော့ ဘယ်ရှိမလဲဗျာ။ ဒီကောင်တွေကို မကျေနပ်တာ တစ်တိုင်းပြည်လုံးပဲ။ ဆုံရပ်ကတော့ တော်လှန်ရေးတပ်ထဲ ပူးပေါင်းဖို့ပဲရှိတာပေါ့။ လမ်းကြောင်းတွေ ကြပ်နေတယ်လည်း ကြားတယ်။ သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။ အားလုံးဝိုင်းရတော့မယ်။ ခုချိန်မှ မလုပ်ရင် ဘယ်အချိန်သွားလုပ်ရမှာလဲ။
နဂိုခေတ်အဆက်ဆက် သူတို့ရဲ့ ဘိုးတော်ဘုရား ဦးသန်းရွေတောင် မလုပ်တာ။ သူတို့က ထလုပ်တယ်။ အာဏာရှိကြောင်း ပြချင်တာလည်း ပါမှာပေါ့။ သူတို့ ဒီလိုလုပ်ရင် တော်လှန်ရေးအင်အားကောင်းသွားမှာ မသိဘူး။ အောက်ကတင်ပြတာတွေ၊ လော်ဘီတွေရဲ့ လှော်တာတွေကို အဟုတ်ကြီးမှတ်ပြီး လုပ်ချင်ရာလုပ်နေတာ။ ချီးဘရိန်းနဲ့ ရေနစ်နေသူအဖို့ မြက်တစ်ပင်ဖြစ်ဖြစ် လှမ်းဆုတ်တဲ့သဘောလို့လည်း မြင်တယ်။ အဲဒါကို ဝါးကူထိုးဖိုးပဲလိုတော့တာ။ မကြာပါဘူး။ အမြစ်ပြုတ်မှာပါ။ မြန်မာနိုင်ငံမှာရှိသမျှလူတွေကို တစ်ယောက်ချင်းစီ စိတ်ဒုက္ခပေးနိုင်တာတော့ လေးစားတယ်။
****************************************
“ညဘက်တွေ အိပ်တောင်မပျော်ဘူး။ ဘာဖြစ်လာမလဲ။ ဘာဖြစ်လာမလဲနဲ့ တွေးပူနေရတာ။”
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ မိဘတစ်ဦးရဲ့ တီးတိုးသံ
ရင်တမမနဲ့ပဲပေါ့။ အိမ်မှာရှိတဲ့သားနှစ်ယောက် ဘယ်သွားထားရမယ်မှန်းတောင် မသိဘူး။ သူများနိုင်ငံနဲ့ဖြစ်လို့ ဝင်လုပ်ပေးရတယ်ဆို တော်သေး။ အခုဟာက ကိုယ့်အချင်းချင်း ဖြစ်တာလေ။ ညဘက်တွေ အိပ်တောင်မပျော်ဘူး။ ဘာဖြစ်လာမလဲ။ ဘာဖြစ်လာမလဲနဲ့ တွေးပူနေရတာ။ ဟိုဘက်ကိုလည်း လွှတ်ဖို့က ဘယ်လိုမှ စိတ်မချနိုင်ဘူး။ မိဘတစ်ယောက်အနေနဲ့။ အခုတော့ ပြောသံကြားတာ။ ကျောင်းသားဆိုရင် မပါသေးဘူးဆိုတော့ တက္ကသိုလ်ပဲ ပြေးအပ်ထားလိုက်မလား။ စဉ်းစားထားတယ်။ တော်တော်ကို စိတ်ပင်ပန်းရပါတယ်။ အခုပိုဆိုးတာက စစ်ကားတွေ အခုရက်ပိုင်း လိုက်ဆွဲနေတာ ပိုက်ဆံပေးလိုက်လို့ ပြန်လွှတ်ပေးရင် တော်သေးတာပေါ့။ ပြန်မလွှတ်ပေးဘဲ ဘယ်ခေါ်သွားမှန်းမသိရင် ဘယ်ကိုလိုက်ရပါ့မလဲ။
****************************************
“တကယ်ကိုကျီးလန့်စာစား နေနေရတဲ့ဘဝတွေ။ အပြင်ထွက်ရင် တော်တော်သတိနဲ့သွားလာနေရတယ်။”
ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးရဲ့ တီးတိုးသံ
အဲဒီဟာ(စစ်မှုထမ်းဥပဒေ)စသိတဲ့နေ့ကစပြီး၊ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်နဲ့ဖြစ်နေတယ်လေ။ ဘယ်အချိန်များ လာခေါ်ပါ့မလဲပေါ့။ စိုးရိမ်စိတ်က တော်တော်လည်း ဒုက္ခပေးပါတယ်။ အခုတော့ ဘာဖြစ်လာမလဲ။ စိုးရိမ်စိတ်ကလွဲလို့ ဘာမှ မတတ်နိုင်ဘူးလေ။ ဟိုဘက်(တော်လှန်ရေး)ဘက်ကို ဝင်လိုက်ဖို့ကျလည်း မိသားစုက ကိုယ့်အားကိုးနေရတာဆိုတော့၊ သွားဖို့က မဖြစ်နိုင်ဘူးလေ။ ဆိုးတာက အခုရက်ပိုင်းတွေ ပေါ်တာလိုက်ဆွဲနေတဲ့ကိစ္စပဲ၊ အဲဒီဥပဒေကြီးဗန်းပြပြီး။ တရားဝင် လိုက်လုပ်နေသလို ဖြစ်နေတာ။ တကယ်ကိုကျီးလန့်စာစား နေနေရတဲ့ဘဝတွေ။ အပြင်ထွက်ရင် တော်တော်သတိနဲ့ သွားလာနေရတယ်။
****************************************
“ကျွန်မတောင် တိုင်းရင်းသားနယ်မြေတွေ ဘက်သွားဖို့ ပြင်နေပြီ။”
ရန်ကုန်မြို့မှ အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ တီးတိုးသံ
တခြားနေရာတွေတော့ မသိဘူး။ ရန်ကုန်မှာတော့ တော်တော်ဆိုးတယ်။ ပေါ်တာတွေလည်း ဆွဲတယ်။ ညနေဆို စာရင်းတွေလိုက်ကောက်တယ်။ ပြီးရင် ညဆို ဆွဲတယ်။ ကျွန်မတောင် တိုင်းရင်းသားနယ်မြေတွေ ဘက်သွားဖို့ ပြင်နေပြီ။