စစ်မှုထမ်းဥပဒေ‌ကြောင့် ဖမ်းဆီးငွေညှစ်မှုများ ပိုဆိုးလာမည်ကို ပြည်သူများ စိုးရိမ်နေ၊ စစ်ကောင်စီထံ စစ်မှုထမ်းမည့်အစား တော်လှန်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ရန် လူငယ်အများအပြား ဆန္ဒရှိနေ

Author ကိုထက်
Categories
Published on Feb 12, 2024

စစ်ကောင်စီက ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေ‌ကြောင့် ဖမ်းဆီးငွေညှစ်မှုများ ပိုဆိုးလာမည်ကို ပြည်သူများ စိုးရိမ်လာနေကြပြီး စစ်ကောင်စီထံ စစ်မှုထမ်းမည့်အစား တော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်ကာ ကျရာတာဝန်များကို ထမ်းဆောင်ရန် တော်လှန်ရေးအင်အားစုများထံ ချိတ်ဆက်လာမှုများ အများအပြား ရှိနေကြောင်း စုံစမ်းသိရှိရသည်။

 

ရန်ကုန်မြို့က မြို့နယ်အချို့တွင် လူငယ်အချို့ကို ခေါ်ဆောင်သွားသော သတင်းများလည်းထွက်ပေါ်နေပြီး အတည်ပြု၍ မရနိုင်သေး‌ပေ။

 

“အဲဒီဥပဒေကြီးကို ပြောပြောပြီး၊ ပိုက်ဆံတွေပိုတောင်းလာမှာကို စိုးရိမ်တယ်။ အိမ်မှာကယောက်ျားလေးတွေပဲ အများဆုံးရှိကြတော့။ တောထဲသွားကြမယ်လည်း ပြောကြပါတယ်။ ဒါပေမဲ့စိတ်မချဘူးလေ။ အခုသူတို့(စစ်ကောင်စီ)က ဒီလိုထလုပ်တော့ အခုဒီဘက်မှာပဲလုပ်ကိုင်ရှာဖွေနေရတဲ့လူငယ်လေးတွေအတွက် စိတ်မကောင်းတာပါပဲ။”ဟု ကျောက်တံတားမြို့နယ်က ပြည်သူတစ်ဦးက ပြောသည်။

 

ယခုဥပဒေမထွက်ခင် ယခင်လများကပင် ညဘက်များတွင် အလုပ်သွားအလုပ်ပြန် လူငယ်များကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီး၊ ငွေညှစ်မှုများ လုပ်ဆောင်‌ခဲ့ကြသည်။

 

“အရင်ကတော့ ခိုးကြောင်ခိုးဝှက်ဆွဲတာ။ အခုကဥပဒေကြီးနဲ့တရားဝင်ဆွဲတော့မှာလို့ထင်တယ်။ ဒီလိုပဲသတိနဲ့နေပြီး ရှောင်တိမ်းရမှာပေါ့။ ငွေတွေဘာတွေညှစ်မှာကိုစိုးရိမ်တာပါ၊ အဓိကက။ မလိုက်ချင်ရင်ဘယ်လောက်ပေးဆိုတာမျိုးပေ့ါ။ သူတို့အတွက် တောင်းလို့ကောင်းသလိုတောင် ဖြစ်သွားတယ်။”ဟု ရန်ကုန်မြို့တွင်းတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ‌ပြောသည်။

 

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေအား အသက်သွင်းပြီးနောက် လူငယ်အများစုမှာ တော်လှန်ရေးအင်အားစုများထံ ချိတ်ဆက်ကာ စစ်မှုထမ်းလိုကြောင်း မေးမြန်းမှုများ ရှိနေပြီး TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့၊ Bamar People’s Liberation Army – BPLA၊ ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Homalin People’s Defense Force – HPDF 124၊ Mandalay PDF၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု(PRA-Magway )၊ ရှမ်းတောင် ၁၀၀၅တပ်ရင်း ၊ ရှမ်းတောင် ၁၀၀၈ တပ်ရင်း၊ KNDF BO7၊ ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF၊ မြိတ်ခရိုင်တပ်ရင်း (၂)၊ Cobra Column 2 Venom၊ ကျားဖြူစစ်ကြောင်း Justice Soldier PDF၊ DOVE KK Medical Team ကရင်နီရှေ့တန်းဆေးအဖွဲ့၊  MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆)၊  MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး)၊ နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ) ၊ CDM ကျန်းမာရေးအင်အားစု၊ Eagle Brigade စသည့် တော်လှန်ရေးအင်အားစုများမှ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသည့် လူငယ်များအနေဖြင့် လာရောက် ပူးပေါင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

 

“ပုံမှန် အခြေအနေတစ်ခုနဲ့ ကျန်ခဲ့တဲ့ လူငယ်တွေရော၊ နောက်ကွယ်ကနေပါ ကူညီလှုပ်ရှားပေးနေတဲ့ လူငယ်တွေ တော်တော်များများ ဆက်သွယ်လာတယ်၊ ဟိုကောင့်ဆီတော့ မဝင်ဘူးပေါ့၊ PDF စခန်းတွေမှာ စစ်ပဲတိုက်တိုက် ထမင်းပဲချက်ချက် လုပ်မယ်ပေါ့၊ ကျွန်တော်ကတော့ အခြေအနေစောင့်ကြည့်ပြီးမှု အချိန်ကိုက်လှုပ်ရှားဖို့ပဲ အကြံပေးလိုက်ပါတယ်”ဟု ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက အရွယ်ရောက်ပြီးသည့် ပြည်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကာ ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသည့် အာဏာကို စတင်ကျင့်သုံးကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – CJ

 

ပုံစာညွှန်း – ရန်ကုန်မြို့တစ်နေရာတွင် စစ်ကောင်စီတပ်မှ လူငယ်အချို့အား ဖမ်းဆီးစစ်ဆေးနေပုံ (ပုံအဟောင်း)