စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး ခြေလျင်တိုက်ခိုက်ရေးတပ်တွေရဲ့ အင်အား ၂ဆနီးပါးထိ စစ်ကောင်စီက ဖြည့်တင်းထားနိုင်ဟုဆို

စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းဥပဒေကို အသုံးပြုပြီး ခြေလျင်တိုက်ခိုက်ရေးတပ်တွေရဲ့ အင်အား ၂ဆနီးပါးထိ ဖြည့်တင်းနိုင်ခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်အားချိနဲ့ပြီး ပြိုလဲစပြုနေတဲ့ စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းစုဆောင်းထားသူတွေကို အသုံးပြုပြီး နေရာဒေသအချို့ကို အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင် သိမ်းပိုက်နိုင်တဲ့အထိ ပြင်ဆင်ပြောင်းလဲလာနိုင်တာကိုလည်း တွေ့ရှိရတယ်လို့ MDSI ကဆိုပါတယ်။
စစ်ကောင်စီ တပ်သားသစ်စုဆောင်းထားသူအရေအတွက်ဟာ ဇူလိုင် ၁၄ ရက်က ဖွင့်လှစ်ခဲ့တဲ့အပတ်စဉ် ၁၅ ပြည်သူ့စစ် (ပသစ) နံပါတ်အရ တပ်သားသစ် ၇၅၀၀၀ ဝန်းကျင်အထိရှိလာနိုင်ပြီး ပျမ်းမျှအပတ်စဉ်တစ်ခုကို ၅၀၀၀ ဦးရေနှုန်းနဲ့ တွက်ချက်ထားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း CJ Platform ကို ပြောပါတယ်။
“တစ်ပတ်စဉ်တိုင်းကို ကြမ်းခင်း(ပျမ်းမျှ) ၅၀၀၀ ကတော့ရှိပြီးသားပဲ။ အဲ့ ၅၀၀၀ မရ ရအောင်လည်း သူတို့က လုပ်နေကြတာလို့လည်း သိရတယ်။ တပ်သားသစ်စုဆောင်းခံရတဲ့အရေအတွက်က အလင်းဝင်လာတဲ့သူတွေ၊ ပစနံပါတ်တွေ၊ ပြီးတော့ သူတို့ဆီက ပေါက်ကြားတဲ့ စစ်ဘက်စာတမ်းတွေကနေ အတည်ပြန်ပြုတာမျိုး” လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောပါတယ်။
MDSI က ရရှိထားတဲ့အချက်အလက်တွေအရ အခု ဇူလိုင် ၄ ရက်နေ့အထိ စစ်မှုထမ်းအပတ်စဉ် ၁၂ ကို လေ့ကျင့်သင်တန်းဆင်ပေးခဲ့ပြီး စစ်မှုထမ်းအပတ်စဉ် ၁၃ ကိုလည်း လာမယ့် ဩဂုတ်ပထမပတ်မှာ သင်တန်းဆင်းပေးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
နိုင်ငံတစ်ဝန်း စစ်မှုထမ်းသတ်မှတ်ချက်နဲ့ကိုက်ညီသူတွေအပါအဝင် အဓမ္မဖမ်းဆီး တပ်သားသစ်စုဆောင်းမှုတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက လုပ်ဆောင်နေပြီး စစ်သင်တန်းကျောင်း ၂၂ ကျောင်းမှာ စစ်ပညာ လေ့ကျင့်သင်ကြားပေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး အလင်းဝင်ရောက်ကြဖို့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – Pro SAC