စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်း၍ ရပ်ကျေးပါတီရုံးများ ရန်ကုန်တွင်လိုက်ဖွင့် ရုံးထိုင်မည့်သူ မရှိဖြစ်နေ

Author ကိုပေါက်
Categories
Published on Dec 03, 2022

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ပြည်ခိုင်ဖြိုးပါတီနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ ပူးပေါင်းကာ ရပ်ကွက်နှင့် ကျေးရွာများတွင် ပါတီရုံးများ လိုက်လံဖွင့်လှစ်နေသော်လည်း ရုံးထိုင်မည့်သူမရှိ၍ အခက်အခဲဖြစ်နေသည်ဟု ပါတီဝင်များထံမှ သိရသည်။

စစ်ကောင်စီမှ လုပ်ဆောင်ရန် ပြင်ဆင်နေသည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့် ကျေးရွာပါတီရုံးများကို စစ်ကောင်စီတပ်များက လုံခြုံရေးယူပေးကာ လိုက်လံ ဖွင့်လှစ်နေသော်လည်း ရုံးထိုင်မည့်သူမရှိကြောင်း
ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“ရုံးစောင့်တို့ ရုံးထိုင်တို့ကို နေစရာပေးမယ် လစာပေးမယ် ဆိုတာတောင် လာလုပ်မဲ့သူမရှိဘူး ရုံးသာဖွင့်ထားတယ် လာမထိုင်ရဲကြဘူး”ဟု ပြောသည်။

ပါတီဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ခင်ရီ၏ လမ်းညွှန်ချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများတွင် ပါတီရုံးများ ဖွင့်လှစ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဥက္ကဌများကို ညွန်ကြားထားခြင်း ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ် အလုပ်အမှုဆောင်တစ်ဦးက CJ Platform ကိုပြောသည်။

“စစ်မှုထမ်းဟောင်းကတော့ လုံခြုံရေးအရပေါ့ စစ်တပ်က ညွှန်ကြားတာ ပြည်ခိုင်ဖြိုးပါတီရုံးတွေ ဖွင့်ဖို့ ရွေးကောက်ပွဲအတွက်၊ စစ်မှုထမ်းဟောင်းတွေကလဲ ရုံးထိုင်ပေးဆိုရင် မထိုင်ရဲဘူး”ဟု ပြောသည်။

အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ပါတီရုံးကို မြို့နယ်ပါတီဥက္ကဌ ဦးသူရိန်လင်း ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ရာတွင် ပါတီဝင်များလာရောက်ခြင်းမရှိ၍ လူ ခုနှစ်ဦးဖြင့် ဖွင့်လှစ်ခဲ့ရသည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“အခုကာလမှာ ဘယ်သူ ပါတီအကျီဝတ်ပြီး သွားရဲမှာလဲ သူတို့ရုံးလာဖွင့်တာ စစ်တပ်နဲ့လာတာ ကျန်တဲ့သူတွေက
ဘယ်သူမှမလာဘူး နောက်ဆုံး ရှိတဲ့သူနဲ့ဖွင့်တာတောင်၇ ယောက်မှာ ၂ ယောက်က စစ်မှုထမ်းတွေ”ဟု ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင် ၂၆၀၀
ကျော် သေဆုံးထားသည်။

ဓာတ်ပုံ-CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပြည်ခိုင်ဖြိုး #ပါတီရုံး #စစ်မှုထမ်းဟောင်း