“စစ်မှုထမ်းရေး ဥပဒေပြဋ္ဌာန်းလိုက်တယ်ဆိုတော့ သူတို့က ဘယ်လိုမှ မရပ်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးထက်ကို စစ်ရေးဘက်ကို သူတို့သွားတော့မယ်”

Author အဂ္ဂ
Categories
Published on Feb 15, 2024

မွန်တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီအပေါ် ဘယ်လို အမြင်တွေ ရှိနေပါသလဲဆိုတာကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းကို CJ Platform က ဆက်သွယ်မေးမြန်းထားခဲ့တာကို ဖော်ပြလိုက်ပါတယ်။

 

CJ – မွန်ပြည်သစ်ပါတီရဲ့ အင်အားစုတစ်ခုက စစ်အာဏာရှင်ဆန့်ကျင်ရေးကို လုပ်ဆောင်တော့မယ်လို့ ကြေညာတဲ့အပေါ်မှာ ထောက်ခံကြိုဆိုတယ်ဆိုတဲ့ ဆရာတို့ရဲ့ ထုတ်ပြန်ချက်ကိုလည်း တွေ့ရပါတယ်၊ မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းပြီးနောက်မှာလည်း NCA လမ်းကြောင်းနဲ့ သွားမယ်လို့ ထုတ်ပြန်ထားခဲ့တယ်ပေါ့နော်၊  ဒါပေမဲ့ အခုတော့  သုံးနှစ်ကျော်ကြာမှပဲ မွန်ပြည်သစ်ပါတီက တော်လှန်ရေးထဲမှာ ပါဝင်မယ်လို့ ထုတ်ပြန်လာတယ်၊  အခုလို အချိန်အကြာကြီးနေပြီးမှ တော်လှန်ရေးထဲ ပါလာတဲ့ အပေါ်မှာ ဆရာတို့ MSFC အနေနဲ့ ဘယ်လိုမျိုး သဘောထားမှတ်ချက်မျိုးပေးချင်ပါသလဲခင်ဗျ။

 

NMS -အမှန်မှာတော့ မွန်ပြည်သစ်ပါတီက (၂၀၁၈) ခုနှစ်မှာ NCAကို လက်မှတ်ထိုးခဲ့တယ်၊  NCAကို လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းရေးအတွက်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စတဲ့  နိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ သူ့ရဲ့ နဂိုသဘောထား ရှိခဲ့တယ်ပေါ့နော်။ အဲ့ဒါကြောင့်လည်းပဲ ၂၀၁၈ မှာ၊ ၂၀၂၀ မှာ ဒီမွန်ဒေသ မွန်ပြည်နယ်အတွက် အကောင်းဆုံးအခြေအနေ ဖြစ်အောင် ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်၊ ဒါပေမဲ့ သိတဲ့အတိုင်းပဲ မအောင်မြင်ခဲ့ဘူးပေါ့နော်၊ ဒါတစ်ချက် ရှိခဲ့တယ်၊ အဲ့ဒါကြောင့် ၂၀၂၁ အာဏာသိမ်းပြီးတဲ့ အခါမှာလည်း မွန်ပြည်သစ်ပါတီက (ကျွန်တော့်အမြင်ကို ပြောရမယ်) သူထင်ထားတာက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ဒီ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ပြီးတော့မှ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းလို့မရတော့ဘူးပေါ့ (ဒီပြဿနာကို)၊ တစ်ချိန်ချိန်မှာတော့ ဆွေးနွေးပွဲတွေ နိုင်ငံရေးဆွေးနွေးမှုတွေ ရှိလာမယ်လို့ သူကမျှော်လင့်တယ်၊ ဒါကြောင့် ပထမအစမှာတော့ အဲ့ဒါကြောင့် သူမဝင်ခဲ့ဘူးပေါ့နော့၊ နောက် မပါဝင်ခဲ့တာမျိုးရှိတယ်။

 

ဒုတိယတစ်ချက်ကတော့ ဒီ ခေါင်းဆောင်တွေတော်တော်များများက ဆွေးနွေးတာကတော့ မွန်ဒေသနဲ့ တခြားသော ဒေသတွေရဲ့ ပထဝီအနေအထားမတူညီတာပေါ့၊ မတူတာက သဘောကတော့ မွန်မှာတော့ မြေပြန့်ကများတယ် နောက်ပြီးတော့ မွန်ပြည်နယ်ထဲမှာလည်း တပ်စွဲထားတဲ့ တပ်တွေက (၃၀) လောက်ရှိတယ် နောက်ပြီးတော့ စစ်တိုင်းလည်းရှိတယ်၊ ဒီအပေါ်မှာ မူတည်ပြီး တကယ်လို့ မွန်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့ရင်လည်း ပြည်သူတွေနစ်နာမှာ၊ သူတို့ အဲ့ဒါမကြာခဏ ပြောနေတာတော့ရှိတယ်၊  အဲ့ဒါပါ။

 

ဒါပေမဲ့ ခုဘာလို့ ဒီဆုံးဖြတ်ချက်တွေချလာလဲဆိုတာ ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် ဒီမွန်ပြည်သစ်ပါတီနဲ့ အလားတူ နှစ်ပေါင်းများစွာ စစ်အာဏာရှင်ကို တိုက်ခဲ့တဲ့အဖွဲ့အစည်းတွေ တော်တော်များများက KNU တို့ KNPP တို့ကလည်း ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဝင်လာတယ်၊ တိုက်ပွဲဝင်လာတဲ့အခါမှာ အောင်မြင်မှုတွေ တော်တော်လေး ရလာတာတွေ့ရတယ်၊ နောက် တစ်ချိန်တည်းမှာလည်း တခြားသော တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ မြောက်ပိုင်းဘက်မှာလည်း တိုက်ပွဲဝင်လာတော့ နေရာတော်တော်များများ ဒေသတွေကို ထိန်းချုပ်နိုင်ခဲ့တယ်၊ ဒါကြောင့် မွန်ပြည်နယ်မှာလည်း ဒါက တကယ်လို့ အဓိက ကျတဲ့ ဒီလက်နက်ကိုင်အဖွဲ့အစည်းက မပါဝင်လာဘူးဆိုရင်တော့ နယ်မြေထိန်းချုပ်မှုတွေက အားနည်းသွားမယ်၊ နောက် SAC ကလည်း ဒီကြားထဲမှာ ဒီ မွန်ပြည်သစ်ပါတီကတော့ ငြိမ်းချမ်းရေးကိုလိုလားပြီး တကယ့် NCA အတိုင်း ဆွေးနွေးပွဲတွေ ဖြစ်ချင်တယ်ဆိုပေမယ့် တစ်ဖက်ကတော့ စကစက မွန်ပြည်သစ်ပါတီရဲ့ တောင်းဆိုချက်တွေကို  ဘာမှ သူတို့က မလိုက်နာဘူးပေါ့၊ အဓိကက ဒီတစ်ခုပေါ့နော်။

 

ကျွန်တော် ဥပမာတစ်ခုပြောပြရမယ်ဆိုရင် တိုက်ပွဲဖြစ်ပွားပြီးတဲ့အချိန်မှာ လက်နက်ကြီးနဲ့ ထုနေတဲ့ ကိစ္စမျိုး၊ ဒါမျိုးကို မလုပ်ဖို့ မွန်ပြည်သစ်ပါတီက တရားဝင်ပြောဆိုခဲ့တာရှိတယ်၊ စကစက မဆိုင်တဲ့ရွာတွေကို ဒါမျိုးတွေ မလုပ်ဖို့ပေါ့၊ စကစ ကလည်း အဲ့ဒါတွေကို ဂရုမစိုက်ဘူး၊ မွန်ပြည်သစ်ပါတီကို ဂရုမစိုက်တဲ့ သဘောလို့ ကျွန်တော်ထင်တယ်ပေါ့‌လေ၊ အဲ့ဒါကြောင့် သူတို့ကလည်း နောက်ဆုံး ဒီလိုနည်းလမ်းနဲ့တော့ သွားလို့မရတော့ဘူးဆိုတဲ့ အခြေအနေရယ် နောက်ပြီးတော့ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ တော်လှန်ရေးအခြေအနေတွေကြောင့် စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်လာတယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။

 

CJ – မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်ကို ကြည့်လိုက်ရင် သူတို့အစုအဖွဲ့ တစ်ခုလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုတဲ့အထဲပါလာတာမဟုတ်ဘဲ အတွင်းရေးမှူးနဲ့ ဒုတိယ စစ်ဦးချုပ်တို့ အပါအဝင်အခြားအင်အားစုတစ်ခုကပဲ ခွဲထွက်လာတယ်လို့ မြင်ရတယ်၊ အင်အားစုတစ်စုကတော့ အရင်ကလိုပဲ NCA လမ်းကြောင်းနဲ့ပဲ ဆက်သွာမယ်လို့ ပြောတယ်ပေါ့နော်၊ အဲ့တော့ Third Party လို့ပဲပြောလို့ရမယ်ထင်တယ် ဆရာတို့က သီးခြား မွန်အစုအဖွဲ့တစ်ခုဖြစ်နေတော့ ကျန်နေခဲ့တဲ့ အစုအဖွဲ့ကို ဘယ်လိုတိုက်တွန်းချင်လဲ ဘယ်လိုမျိုးစကားပါးချင်ပါသလဲခင်ဗျ။

 

NMS – အခြေအနေကတော့ ဒီလိုပဲလေ၊ မွန်ပြည်သစ်ပါတီက ဒီနှစ်တင်မကဘူး ပြီးခဲ့တဲ့နှစ်တွေမှာလည်း စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်ဖို့ပြောနေတဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ဗဟိုကော်မတီဝင်တွေက ရှိနေတယ်ပေါ့နော်၊ ရှိနေတာဖြစ်တဲ့အတွက် ဒီအခုကတော့ နောက်ဆုံး ပြီးခဲ့တဲ့ ညီလာခံမှာတော့ သူတို့က ဘယ်လိုမှ ဆက်လက်ပြီးတော့မှ မစောင့်ဆိုင်းနိုင်တော့ဘူးဆိုတဲ့ သဘောမျိုးရှိတယ်၊ NCA ကိုလည် အယုံအကြည်မဲ့သွားပြီပေါ့၊ အယုံအကြည်မဲ့သွားတယ်၊ ကျွန်တော် ခုနကပြောတဲ့ စကစကလည်း နည်းမျိုးစုံနဲ့ ဒီမွန်ရွာတွေကို နှိပ်ကွပ်နေတယ်၊ လက်နက်ကြီးနဲ့ချနေတယ်၊ တချို့နေရာမှာဆို လေယာဉ်နဲ့လည်း လာပစ်တာပေါ့နော်၊ ဒါတွေဖြစ်လာတော့ ပြည်သူတွေကလည်း မွန်ပြည်သစ်ပါတီကို ငြိုငြင်လာတာပေါ့နော်၊ ဒီသဘောကတော့ မွန်ပြည်သစ်ပါတီက ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူး ဆိုတဲ့ အပေါ်မှာ၊ အဲ့ဒီအပေါ်မှာ ပြန်လည်ပြီးတော့မှ  အခု အာဏာရှင်တိုက်ဖျက်ရေး အဖွဲ့ဆိုတာ သူတို့ ပြန်ပြီးတော့မှ  ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားတာပေါ့၊  ကြိုးစားခြင်းဖြစ်တယ်ပေါ့။

 

ကျွန်တော်ထင်တယ် ကျန်တဲ့အဖွဲ့အစည်းတွေ NCA ကို လက်ခံလို့ပဲဖြစ်ဖြစ်၊ မပစ်ဘဲနဲ့ နေနေတဲ့အဖွဲ့တွေပဲ ဖြစ်ဖြစ်ပေါ့နော်၊ ဘယ်အဖွဲ့မဆို တော်လှန်ရေးထဲမှာ ပါဝင်သင့်ပြီလို့ ကျွန်တော်ထင်တယ်၊ ပါဝင်ဖို့ လိုနေပြီ၊ ဘာလို့လဲဆိုတော့ ဒီကနေ့ ကျွန်တော်တို့သိတဲ့အတိုင်းပဲ မနေ့တနေ့ကပဲ စကစက စစ်မှုထမ်းရေး ဥပဒေပြဋ္ဌာန်းလိုက်တယ်ဆိုတော့ သူတို့က ဘယ်လိုမှ မရပ်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးထက်ကို စစ်ရေးဘက်ကို သူတို့သွားတော့မယ်ပေါ့နော်၊ ပြည်သူလူထုကို အကြီးအကျယ် ဒုက္ခပေးတော့မယ်ဆိုတာ အားလုံးသိပြီးဖြစ်တယ်၊ ဒီအတွက်က ကျွန်တော်တို့ကတော့ ဘယ်အဖွဲ့အစည်းမဆို ပြည်သူအတွက် ရပ်တည်တဲ့ အဖွဲ့အစည်း၊ ဒီ စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့အဖွဲ့အစည်းပေါ့နော်၊ နောက် ကျွန်တော်တို့ ပြောနေတဲ့ တကယ့်နိုင်ငံရေးခံယူချက်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုဘက်ကို သွားနေပြီးတော့ ဒီတော်လှန်ရေးထဲမှာ ပါဝင်လာဖို့လိုတယ်၊ ပါဝင်လာဖို့လိုတယ်လို့လည်း ကျွန်တော်တိုက်တွန်းတယ်။

 

ကျွန်တော်ထင်တယ် နောက်ပြီးတော့ ခုတစ်ချက်ပဲပေါ့လေ ကျွန်တော်တို့ မွန်ပြည်သူတွေကတော့ အာဏာရှင်စနစ်ဟာ မကောင်းဘူးလို့ ကျွန်တော်တို့အားလုံးက လက်ခံထားကြတယ်၊ ဒါကြောင့် ဒီကနေ့ ဖြစ်ပေါ်နေတဲ့အခြေအနေမှာ အာဏာရှင်ကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတွေကို နားလည်မှုပေးဖို့ရယ်၊ ကျွန်တော်တို့ လူမျိုးကြားထဲမှာ ကိုယ့်အချင်းချင်းနားလည်မှုရှိဖို့နဲ့ ပဋိပက္ခတွေ မဖြစ်ပွားဖို့ ကျွန်တော်တို့ဘက်က အလေးအနက်တိုက်တွန်းတယ်ပေါ့နော်၊ အာဏာရှင်ကို တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ၊ အချို့သောအဖွဲ့တွေကလည်း ဒီအာဏာရှင်ကို တိုက်နေတဲ့ အဖွဲ့အစည်းတွေကို နားလည်မှု ပေးပြီးတော့မှ သူတို့အချင်းချင်းကြား စည်လုံးညီညွှတ်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။

 

CJ -စစ်ကောင်စီက ကြားဖြတ်ရွေးကောက်ပွဲဆိုတာကို ပြောလာနေတော့ အစိုးရတစ်ရပ်ကို ရအောင်ဖွဲ့စည်းပြီး ဒီ NCA လမ်းကြောင်းကို ထပ်သွားနိုင်မလားပေါ့နော်၊ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာ့အမြင်လေး သိချင်ပါတယ်ခင်ဗျ။

 

NMS – ကျွန်တော်ထင်တယ် သူတို့ကြိုးစားနေပါတယ်ပေါ့နော်၊ သူတို့ကလည်း သူတို့ legitimacy အတွက် သူတို့ကြိုးစားနေတယ်၊  ဒါပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး၊  ကျွန်တော်တို့က နောက်ဘက်ကို ပြန်ဆုတ်ဖို့ရာ မရတော့ဘူး၊ NCA ကလည်း သွားလို့မရတော့ဘူး၊ ၂၀၀၈ ဆီကိုလည်း သွားလို့မရတော့ဘူး။ အဲ့ဒါကို ကျွန်တော်ပြောချင်တယ်၊ ဒါကြောင့် သူတို့လုပ်မယ့်ရွေးကောက်ပွဲက တရားမဝင်ဘူး၊ သူတို့ကလည်း တရားမဝင်အစိုးရဖြစ်တာပေါ့နော်၊ ဒါကြောင့် သူတို့ဘယ်လိုပဲ ကြိုးစားကြိုးစား ကျွန်တော်ထင်တယ် မအောင်မြင်နိုင်ဘူးပေါ့နော်၊ နောက်ပြီး တိုင်းပြည်ထဲမှာ ဒီလောက် စစ်ရေး ပဋိပက္ခဖြစ်နေတဲ့အခြေအနေမှာ ဒီငြိမ်းချမ်းရေးက ဒီပြဿနာဖြေရှင်းရေးအတွက် သူတို့က ရွေးကောက်ပွဲလုပ်တယ်ဆိုလည်း သူတို့ဦးဆောင်ပြီးလုပ်တဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုကလက်မခံဘူး၊ တော်လှန်ရေးအင်အားစုတွေ ကလည်း  လက်မခံဘူး၊ ဒါကြောင့် သူတို့လုပ်မယ်ဆိုရင်တော့ တစ်ဝက်တစ်ပျက်ပေါ့နော် ကျွန်တော်တော့မသိဘူး တချို့နေရာတွေမှာတော့ လုပ်လို့ရကောင်းရနိုင်တယ် ဒါပေမဲ့ အဲ့ဒီရွေးကောက်ပွဲက တရားဝင်မယ့်‌ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။