စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်သူများအနေဖြင့် ပြည်သူက အမည်တပ်တိုင်လျှင် အသက်ဖြင့်ပေးဆပ်ရမည်၊ လူစာရင်းနှင့်တကွတိုင်တန်းရန် မန်းမဟာမိတ်အဖွဲ့များတိုက်တွန်း

Author မင်းထက်
Categories
Published on Mar 18, 2024

စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဘက်တော်သားများသည် မန္တလေးတိုင်းရှိ မြို့နယ် ၇ မြို့နယ်တွင် အရပ်သားပြည်သူများကို စစ်မှုထမ်းရေး ဖိအားပေးဆောင်ရွက်မှုများအတွက် သတိပေးချက်တစ်ရပ် မန္တလေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

 

တိုင်းပြည်အတွက် အသက်ပေး တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခရောက်နေရသည့် အရပ်သားများကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေသည့် စစ်ကောင်စီလက်အောက်ခံများကို အပြင်းအထန်သတိပေးလိုက်သည်ဟု မန်းအခြေစိုက် အဖွဲ့ ၁၂ ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

စစ်မှုထမ်းရန် အဓမ္မလုပ်ဆောင်သူများကို ပြည်သူများအနေဖြင့် အမည်တပ်တိုင်တန်းလာပါက သွေးကြွေးဆပ်ရမည့်အပြင် မတရားလာရောက်ဖမ်းဆီးပါက လူစာရင်းကို အမည်နှင့်တကွ တော်လှန်ရေးအဖွဲ့များထံ တိုင်တန်းရန် ဆိုထားသည်။ ထို့ပြင် ၎င်းတို့၏ လှုပ်ရှားမှုများကို မဟာပူးပေါင်းအဖွဲ့များထံ ပေးပို့နိုင်သည်ဟု ဆိုသည်။

 

“မြို့နယ်တွေအတွင်းမှာ လူစာရင်းကောက်တာ စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ တာဝန်မထမ်းဆောင်ချင် သိန်း ၅၀ ပေးရမယ်ဆိုတာမျိုး၊ အတင်းအကျပ်စစ်မှုထမ်းလို့ ရှောင်ရှားမယ်ဆိုရင် မိသားစုဖမ်းမယ်ဆိုတာမျိုးတွေ ကြားရတယ်။ တောက်လျောက်ဖြစ်နေတာပါ” ဟု No More Dictatorship People Defence-NMD တာဝန်ခံ ကိုချာလီက CJ Platform သို့ပြောသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက စတင်အသက်သွင်းပြီးနောက်ပိုင်းတွင် မြို့နယ်အတွင်း အရပ်သားများအပေါ် အပြစ်မဲ့ဖမ်းဆီးပေါ်တာဆွဲခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များဝေခြင်း၊ အစည်းဝေးခေါ်ဆိုခြင်း ၊ အိမ်ထောင်စုစာရင်းကောက်ခံခြင်းများ ဆောင်ရွက်ကြောင်း ၎င်းက ဆက်ပြောသည်။

 

“ကြေညာပြီး နောက်ရက်မှာ ကျွန်တော်တို့ဆီ အိမ်ထောင်စုစာရင်းတွေလာကောက်တယ်။ အကြောင်းကတော့ စစ်မှုထမ်းဖို့ပဲဖြစ်မှာပေါ့” ဟု မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ဒေသတစ်ဦးက CJ Platform သို့ပြောသည်။

 

မန်းမဟာမိတ်ပူးတွဲထုတ်ပြန်ချက်တွင် အောင်စည်တော် (AST-MDY) ၊ No More Dictatorship People Defence  – NMD ၊ ပုသိမ်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN PDF) ၊ Generation Z Power ( GZP-MDY ) ၊ Special Task Force (STF -MDY) ၊ Twaylikali Attacking & Production ၊ Black Garuda PDF ၊ ဂဠုန်ဝါပျောက်ကြားတပ်ဖွဲ့ ၊ အမရစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ YADANABON ( YDNB-MDY) ၊ မော်ကွန်းသစ်မြို့ပြပျောက်ကြားတပ်ဖွဲ့ စသည့် မန္တလေးအခြေစိုက် တော်လှန်ရေးတပ်များပါဝင်သည်။

Related News

Depend on news