စစ်ဘေးရှောင်ရင်း မီးဖွားရန်ခက်ခဲမှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးနှင့် ကလေးငယ် အရေအတွက်များ တိုးလာကြောင်း ယာယီသမ္မတ ထပ်မံပြောကြား

Author လင်းခိုင်
Categories
Published on Nov 25, 2022

စစ်ဘေးရှောင်ရင်း မီးဖွားရန်ခက်ခဲမှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးနှင့် ကလေးငယ်အရေအတွက်များ တိုးလာကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ဂျဲန်ဒါ အခြေခံပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ပထမနေ့(နို၀င်ဘာ ၂၅) ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအပါအ၀င် ခေတ်အဆက်ဆက် စစ်အုပ်စုသည် အမျိုးသမီးများကို ရည်ရွယ်ချက်ချက်ရှိ လိင်အကြမ်းဖက် သတ်ဖြတ်ခဲ့ကြောင်း၊ ပြည်သူ တစ်သန်းကျော်သည် စစ်အုပ်စုကြောင့် ထွက်ပြေးနေရကြောင်း၊ ထိုပြည်သူများစုသည် လူငယ်များနှင့် အမျိုးသမီးများဖြစ်ပြီး၊ ကိုယ်၀န်ဆောင် ထောင်ပေါင်းများစွာ ရှိနေပြီး လိုအပ်သည့် စောင့်ရှောက်မှုရရန် ခက်ခဲသည့် အတွက် မီးဖွားရင်း အသက်ဆုံးရှုံးခဲ့သည့် အမျိုးသမီးနှင့် ကလေးငယ်အရေအတွက် နေ့စဉ်တိုးလာနေကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ဒါ့အပြင် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းဟာ ရပ်တန့်လုနီးပါးဖြစ်နေပါတယ်။ ဒါတွေကြောင့် ကလေးငယ် ထောင်ပေါင်းများစွာဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါလေးဖြစ်ရုံနဲ့ အသက်အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်နေကြရပါတယ်” ဟု ယာယီသမ္မတက ပြောကြား သည်။

ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အင်အားရှိသမျှ အစွမ်းကုန် ဆောင်ရွက်နေသော်လည်း အကြမ်း ဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို ပိုမိုထိရောက်စွာ တားဆီးအရေးယူနိုင်ရန် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ယင်းက ဆိုသည်။

စစ်ကောင်စီတပ်များသည် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်နေနိုင်ခြင်းသည် လက်နက်ကိုင်ထားနိုင်ခြင်းကြောင့်ဖြစ်သဖြင့်၊ အကြမ်းဖက် စစ်ကောင်စီအား လက်နက်ရောင်းချမှု ပိတ်ပင်ပေးရန် ထပ်မံပြီး အလေးအနက်တောင်းဆိုလိုကြောင်း၊ အဖွဲ့အစည်းတိုင်းနှင့် လူတစ်ဦးချင်းစီတိုင်းကိုလည်း အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို တားဆီးနှိမ်နင်းကြရန် ယာယီသမ္မတက တိုက်တွန်းထားသည်။

“အမျိုးသားညီညွတ်ရေးအစိုးရက သမိုင်းကြောင်း တလျှောက် အကြမ်းဖက်မှုကို သည်းခံခဲ့ကြရတဲ့ မြန်မာအမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အစိုးရစစ်စစ်တစ်ရပ်အနေနဲ့ ယခုနှစ်ရဲ့ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုမှာပါ၀င်တာဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ အကြမ်းဖက်မှုများကို ဆန့်ကျင်ပါ၊ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ အကြမ်းဖက်မှုဆိုတာမရှိပါဘူး” ဟု ယာယီသမ္မတကပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ #စစ်ဘေးရှောင်