စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် စက်လှေ လက်နက်ကြီးထိမှန်ပြီး ပြည်သူ တချို့ပျောက်ဆုံးနေ

Author ခေတ်နီ
Categories
Published on Oct 22, 2022

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ရှောင်များလိုက် ပါလာသည့် စက်လှေတစ်စီးကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တာကြောင့် စက်လှေတိမ်းမှောက် ပြီး ပြည်သူတချို့ပျောက်ဆုံးနေကြောင်း မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုနွေဦး ကသူ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ယနေ့မနက်ပိုင်းမှ စတင်ကာ မြင်းမူနယ် မှ ရွှေပေါက် ပင်ရွာသို့ စစ်ကြောင်းတစ်ကြောင်း၊ ကျောက်ရစ်စခန်းမှ နနွန်းကိုင်း၊ဆူးလေကုန်းနှင့် သနပ်ကုန်းရွာများသို့ စစ်ကြောင်းတစ်ကြောင်း ဖြင့် စစ်ကောင်စီတပ် ဟာ မြောင်မြို့နယ်အတွင်းသို့ဝင်ရောက်လာစဥ် ရွှေပေါက်ပင်ဘက်မှ ဝင်လာသည့် စစ်ကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်များလိုက် ပါလာသည့် စက်လှေကို ထိမှန်ပြီး စက်လှေတိမ်းမှောက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် စက်လှေပေါ် လိုက်ပါလာသည့် လူ ၅ဦးရေနစ်ပျောက်ဆုံးနေပြီး တစ်ဦးသာ အသက်ရှင်လျှက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်မှာတော့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ရွှေပေါက်ပင်ရွာအတွင်းရှိနေပြီး ဒေသခံများသည်လဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းတိမ်းရှောင်နေရကြောင်း သိရသည်။