စစ်ပွဲ ကြာရှည်လေလေ အောက်ခြေပြည်သူ ပိုမိုအထိနာလေလေဖြစ်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Oct 04, 2022

စစ်ပွဲကြာရှည်လေလေ အောက်ခြေပြည်သူလူထု ပိုမိုအထိနာ လေလေဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၀ကြိမ်မြောက်အစည်းအဝေးတွင် ယာယီသမ္မတက မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိစစ်ကောင်စီ၏ မြေပြင်ကြည်းတပ်အင်အား အင်မတန်ယုတ်လျော့နေသည်ကိုတွေ့ရပြီး NUGအနေဖြင့်မြေပြင်ခုခံစစ်အား ကြံ့ကြံ့ခံထားပြီး လေကြောင်းထိုးစစ်ကြောင့် အရပ်သားပြည်သူ သေကြေမှုနည်းနိုင်သမျှနည်းနိုင်ရန် ခုခံကာကွယ်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။

နွေဦးတော်လှန်ရေး အုတ်မြစ်သည် ပြည်သူလူထုသာဖြစ်သည့်အတွက် NUG ဝန်ကြီးများ လူထုနှင့် ကာယကံမြောက်ထိတွေ့သင့်ကြောင်း၊ လူထု၏ ဒုက္ခအား မိမိဖြစ်သကဲ့သို့ကိုယ်ချင်းစာရမည်ဖြစ်ပြီး မြေပြင်တွင် ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နိုင်နိုင်နင်းနင်းထိတွေ့ဆက်ဆံရန်လိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

” စစ်ပွဲ ကြာရှည်လာလေလေ အောက်ခြေပြည်သူလူထုက ပိုပြီး အထိနာလေလေ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ခုခံတော်လှန်စစ်၏ ပွဲသိမ်းအောင်ပွဲကို အလျင်အမြန် ဆင်နွှဲကြရန် တုံ့ဆိုင်းနေလို့ မရပါ။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း သိစေအပ်ပါသည်။ သက်ဆိုင်ရာ လူမျိုးစုမဟာမိတ်အဖွဲ့အစည်းများအားလုံးလည်း သိမှတ်စေရန် လိုပါသည်။ လက်နက်ကိုင်တော်လှန် ရေးသည် အကဲဆတ်သောကြောင့် အချိန်ကာလ တိုအတွင်းမှာ တဆစ်ချိုး အပြောင်းအလဲများ ရုတ်တရက် ချိုးကွေ့ပြောင်းလဲတတ်သည်ကိုလည်း သတိချပ်ရန် လိုပါတယ်”ဟု ယာယီသမ္မတကဆိုသည်။

ထို့ပြင် PDFအချင်းချင်း နားလည်မှုမကွဲလွဲအောင် ဝန်ကြီးများအားလုံးကြိုးပမ်းစေလိုကြောင်း၊ လူထုနှင့်ကင်းကွာသည့် ခေါင်းဆောင်များအဖြစ် မမြင်လိုကြောင်း ယာယီသမ္မတကဆက်လက်ပြောကြားသည်။

ယင်းအပြင် နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း နိုင်ငံရေးပဋိညာဥ်တစ်ခု ကျစ်ကျစ်လစ်လစ် ပေါ်ထွက်လာရေးကို အာရုံစိုက်ရန်လိုအပ်ပြီး အုပ်စုအကျိုးစီးပွားထက် လူထုအကျိုးစီးပွား အခြေခံသည့် နိုင်ငံရေးပဋိညာဥ်နှင့် နိုင်ငံရေးမူဝါဒဖြစ်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

စစ်ကောင်စီအား ဖယ်ရှားနိုင်ရန် အချိန်ကာလတစ်ခု သည် အရေးကြီးပြီး တော်လှန်ရေးအင်အားစုများနှင့် လက်တွဲချိတ်ဆက်မှုများတိုးမြှင့်နိုင်ရန် ယုံကြည်မှုများ ဆက်လက်တည်ဆောက်ပြီး အားလုံးဝိုင်းဝန်းကြိုးစားရန် ယာယီသမ္မတက မှာကြားသည်။