စစ်တွေ ဆိပ်ကမ်းဈေးစည်ကားချိန် စစ်သင်္ဘောပစ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး ၈၀ ဦးခန့်ဒဏ်ရာရဟု ULA/AA ဆို

Author ကိုထားဝယ်/ လင်းနွေဦး
Categories
Published on Feb 29, 2024

ရခိုင်ပြည် စစ်တွေမြို့နယ် မြို့မဈေးအနီးက ကိုရီးယားဆိပ်ကမ်းဈေးအတွင်း ယနေ့နံနက်ပိုင်း လူစည်ကားနေချိန် စစ်ကောင်စီသင်္ဘောပေါ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ခဲ့ခြင်းကြောင့် အရပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ၈၀ ဦးအထိထိခိုက်ဒဏ်များရရှိခဲ့ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်သည်။

 

ယနေ့ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က စစ်သင်္ဘော၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၈၀ ဦးအတွင်း ၃၁ ဦး ဒဏ်ရာပြင်းထန်ပြီး ၅၀ ဦးနီးပါး အသေးစားဒဏ်ရာများရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

 

“မနက် အစောကြီး ဈေးဘက်ကနေ “အုံး” ဆိုတဲ့ အသံကြီး ကြားပြီး မကြာဘူး။ လူတွေ ပြေးထွက်လာတာ။ ကယ်ပါ ယူပါနဲ့ ဆူညံနေကြရော။ ပြီးမှ သွားစုံစမ်းတော့ ဆယ်ဦးကျော် သေတယ်ကြားတယ်။ ဒဏ်ရာ ပြင်းတဲ့သူလည်း ငါးဆယ်ကျော်တယ်။ မစိုးရိမ်ရတဲ့ ဒဏ်ရာ ရသူကတော့ နှစ်ဆယ်ကျော်၊ သုံးဆယ်ဝန်းကျင်ရှိတယ်” ဟု အသက် ၃၂ နှစ်အရွယ်ရှိ စစ်တွေမြို့မဈေးအနီး နေထိုင်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဈေးအတွင်း လူစည်ကားနေချိန် ရည်ရွယ်ချက်ရှိရှိပစ်ခတ်လိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ULA က ဆိုသည်။

 

ထို့ပြင် ယခုကဲ့သို့ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဝိုင်းဝန်းဆန့်ကျင်တားဆီးပေးကြရန် ULA က တိုက်တွန်းတောင်းဆိုလိုက်သည်။

 

ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံ ရခိုင်လူမျိုးသတင်းထောက် နှစ်ဦးအပါအဝင် အရပ်သား ၇ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သကဲ့သို့ အခြားစစ်ရာဇဝတ်မှုများကိုလည်း ဆက်လက်စစ်ဆေးနေပြီး ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်က ဆိုသည်။

 

ရခိုင်ပြည်အတွင်း စစ်ကောင်စီသည် စစ်ရှုံးနေပြီး ရခိုင်မြောက်ပိုင်းကို AA ထံသို့ လက်လွှတ်ရန် နီးစပ်နေပြီဖြစ်သည်ဟု နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက ခန့်မှန်းပြောဆိုထားကြသည်။