စစ်တပ်အာဏာသိမ်းပြီးနောက် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ပိုမိုများပြားလာခဲ့ပြီး တစ်လလျှင် ငါးကောင်ခန့်အထိ သတ်ဖြတ်ခံနေရ

Author ပြည်စိုး
Categories
Published on Jan 25, 2023

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများ ပိုမိုများပြားလာခဲ့ပြီး မြန်မာစစ်တပ်အပါအဝင် သစ်တောရဲများမှလည်း အရေးယူဆောင်ရွက်ခြင်း မရှိသခြင့် တစ်လလျှင် တောဆင်ရိုင်း ငါးကောင်ခန့်ထိ သတ်ဖြတ်ခံနေရကြောင်း တောဆင်ရိုင်းချစ်သူများ၏ မှတ်တမ်းများအရ သိရသည်။

အာဏာသိမ်းဖြစ်စဉ်အပြီးတွင် စစ်ကောင်စီ၏ တင်းကြပ်ဖိနှိပ်မှုများကြောင့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature-WWF) ကဲ့သို့ အဖွဲ့အစည်းများမှာ တောဆင်ရိုင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လုပ်ဆောင်နေမှု အများစုကို ရပ်တန့်ခဲ့ရပြီးနောက် တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများလဲ ရပ်ဆိုင်းခဲ့ရသည်။

“လွန်ခဲ့တဲ့ သုံးရက်လောက်ကတင် တောစပ်နားမှာ အစွယ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ ဆင်ထီးတစ်ကောင်ကို တွေ့ရတယ်၊ ဘယ်သူမှလဲ သွားပြီးတော့ မြေမြှုပ်တာ မီးရှို့ပေးတာ မလုပ်ကြဘူး၊ တောနက်ထဲမှာ အပတ်စဉ်တိုင်းလိုလို ဆင်တွေ အသတ်ခံနေရတာကို ကြားနေရတယ်၊ စစ်တပ်ကိုပြောရင်လဲ သူတို့က PDFပဲ စိတ်ဝင်စားတာ ဆင်ရိုင်းတွေကို စောင့်ရှောက်ဖို့ လုံးဝစိတ်မဝင်စားဘူး”ဟု ဧရာဝတီတိုင်း ငရုတ်ကောင်းတောင်နေ ဒေသခံ ဆင်ချစ်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၄၁ခုနှစ် စစ်တမ်းများအရ တောဆင်ရိုင်းအကောင်ရေ တစ်သောင်းကျော်ထိ ရှိခဲ့သော်လည်း ဆင်မုဆိုးများ၏ သတ်ဖြတ်မှုများကြောင့် ၂၀၁၈ခုနှစ်တွင် တောဆင်ရိုင်းအကောင်ရေ နှစ်ထောင်ခန့်သာ ကျန်ရှိတော့ကြောင်း စစ်တမ်းများအရ သိရသည်။

“အခုဆို ရာကဏန်းလောက်ပဲကျန်မယ်၊ ဆင်ချစ်သူတွေ အချင်းချင်း ဖုန်းဆက် သတင်းပေးကြပြောကြတဲ့ အချက်အလက်တွေအရ တစ်လကို ငါးကောင်လောက် အသတ်ခံနေရတယ်၊ အစွယ်တင်မကဘူး အရေပြား၊ နှာမောင်းတွေပါ ဖြတ်ယူပြီး ရောင်းစားနေတာ၊ စစ်တပ်ကလဲ PDFပဲ ဖမ်းဖို့လုပ်နေတာ အရေပြားတွေကို အိတ်လိုက်သယ်ပြီးတော့ ကားနဲ့ဖြတ်သွားတာကို တစ်ကြိမ် ပုသိမ်တံတားဂိတ်မှာ မိတယ်၊ ပိုက်ဆံယူပြီး လွှတ်ပေးလိုက်တယ်”ဟု ပုသိမ်မြို့ ဒေသခံ တောဆင်ရိုင်းချစ်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် သစ်တောဦးစီးဌာန၏ အချက်အလက်များအရ ၂၀၁၅ခုနှစ်တွင် တောဆင်ရိုင်း ၃၅ကောင်၊ ၂၀၁၆ခုနှစ်တွင် တောဆင်ရိုင်း ၂၆ကောင်၊ ၂၀၁၇ခုနှစ်နှင့် ၁၈ခုနှစ်တွင် တောဆင်ရိုင်း ၅၉ထိ သတ်ဖြတ်ခံခဲ့ရပြီး ၂၀၁၉ခုနှစ်၊ ၂၀၂၀ခုနှစ်နှစ်များတွင် တောဆင်ရိုင်းသတ်ဖြတ်ခံရမှု လျှော့နည်းလာခဲ့သော်လည်း စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပြန်လည် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“အများဆုံးက ဧရာဝတီတိုင်းထဲမှာဖြစ်နေတာ၊ ပဲခူးနဲ့ ရန်ကုန်မှာနည်းနည်းတယ်၊ ဧရာဝတီတိုင်းထဲမှာက တိုက်ပွဲတွေ နည်းတော့ ဆင်မုဆိုးတွေကလဲ ပိုပြီးတော့ ခိုအောင်းနေတယ်၊ အခုလို မော်တင်စွန်းဘုရားပွဲရက်မျိုးဆိုရင် ဆင်မုဆိုးတွေအတွက်က အချက်ကောင်းပဲ၊ ကျွန်တော်တို့ ရသလောက် မှတ်တမ်းလိုက်ပြီးတော့ ယူထားသမျှဆိုရင် အာဏာသိမ်းပြီးထဲက ဆင်အကောင်ရေ ၇၀ကျော်အသတ်ခံရတယ်၊ မြေပြင်မှာ ဒီ့ထက်ပိုများနိုင်တယ်၊ အရေးယူဖမ်းဆီးမိတဲ့ အမှုဆိုတာတော့ အာဏာသိမ်းပြီးကတည်းက မကြားမိတာပဲ”ဟု NGOအဖွဲ့အစည်းတစ်ခုတွင် တောဆင်ရိုင်းကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်ခဲ့သူ ဝန်ထမ်းဟောင်းတစ်ဦးကပြောသည်။

ထို့အပြင် သစ်တောဦးစီးဌာနပိုင် သစ်ဆွဲဆင်များအနက် အသက်အရွယ် အိုမင်းသွားသည့် ဆင်များအား ယခင်က ဘေးမဲ့ပေးကာ စောင့်ရှောက်မှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုံလောက်သည့် ရန်ပုံငွေနှင့် စောင့်ရှောက်မှုများ မရှိခြင်းကြောင့် ဆင်အိုများမှာ ကျန်းမာရေးချို့တဲ့လာခြင်း ပိန်လှီခြင်းနှင့် အစာရေစာမဝခြင်းများကို ကြုံတွေ့နေရသည်။

ဆင်အိုများစောင့်ရှောက်ရေးစခန်းများတွင် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှ စတင်ကာ အစာရေစာ မဝလင်မှု ဆေးဝါးကုသမှုလုံလောက်စွာ မရရှိခြင်းများကြောင့် ဆင်အိုနှစ်ကောင် အသက်ဆုံးပါးခဲ့ရကြောင်း သိရသည်။

မြန်မာ့ဆင်များ၏ ပျှမ်မျှသက်တမ်းသည့် နှစ်၆၀ခန့်သာ ရှိပြီး၊ အသက် ၂၀နှစ်ခန့်မှသာ မျိုးပွားနိုင်ရန် မိတ်လိုက်နိုင်ကြပြီး ဆင်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ချိန်သည် ၂၂အထိ ကြာမြင့်တတ်ပြီး ဆင်မတစ်ကောင်၏ သက်တမ်းတလျှောက် အများဆုံး ခြောက်ကြိမ်ခန့်သာ ကိုယ်ဝန်ဆောင် မွေးဖွားနိုင်ကြသည်။

ဆင်မုဆိုးများ၏ သတ်ဖြတ်မှုများကို ဆင်ထီးများသာမက ဆင်မများပါ ကြုံတွေ့နေရပြီး ယခုကဲ့သို့ တောဆင်ရိုင်းများ သေဆုံးမှုများ နှုန်းထားအား ကာကွယ်နိုင်ခြင်းမရှိပါက လာမည့် ၁၀နှစ်အတွင်း တောဆင်ရိုင်းများ မျိုးသုဉ်းမည့်ဘေးနှင့် ရင်ဆိုင်လာရနိုင်သည်။

တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု၏ အဓိကစျေးကွက်သည် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြီး ကိုဗစ်ကပ်ရောဂါက ကာလအတွင်းက ရောင်းဝယ်ဖောက်ကားမှုများ နည်းပါးခဲ့သော်လည်း ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီလခန့်မှ စတင်ကာ တောဆင်ရိုင်း အစွယ် ၊နှာမောင်းနှင့် အရေပြားများ တရားမဝင်ရောင်းဝယ်မှုများ ပြန်လည် မြင့်မားလာခဲ့ကြောင်းနှင့် အသက် ၂၀နှစ်ခန့်အရွယ် တောဆင်ရိုင်းတစ်ကောင်းအား သတ်ဖြတ်ကာ နှာမောင်းနှင့် အရေပြားများ ထုတ်လုပ်ခြင်းမှ ဆင်တစ်ကောင်လျှင် မြန်မာငွေကျပ် ၇၀သိန်းခန့်အထိ စျေးနှုန်းများ မြင့်မားနေခြင်းကြောင့် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများ ပိုမိုဆိုးဝါးလာနေခြင်း ဖြစ်သည်။

မြန်မာစစ်တပ်ခေါင်းဆောင်များသည့် မျိုးရိုးဗီဇချို့တဲ့သည့် အရေပြားဖြူ တောဆင်ရိုင်းများအား ဆင်ရတနာအဖြစ် ဖမ်းဆီးကာ စောင့်ရှောက်မှုများ လုပ်ဆောင်နေသော်လည်း တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုများအား မျက်ကွယ်ပြုထားလျက်ရှိနေသည်။