စစ်တပ်အတွက် လေယာဉ်ဆီ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီ နှစ်ခုအား ယူကေမှ ပိတ်ဆို့အရေးယူ

Author လင်းခိုင်
Categories
Published on Feb 01, 2023

 

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီ နှစ်ခုကို ယူကေအစိုးရမှ ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုသည် စစ်တပ်မှ အရပ်သားပြည်သူအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ဖိနှိပ်မှုများပြုလုပ်ခြင်းကို ကူညီပေးနေသည့် ကုမ္ပဏီများကို ပစ်မှတ်ထား အရေးယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပိတ်ဆို့ အရေးယူခံရသည့် ကုမ္ပဏီ နှစ်ခုသည် အာရှနေ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်နှင့် ကုန်စည်များ ချိတ်ဆက်ရေး ကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုလုံးသည် အရှေနေအုပ်စု၏ အစိတ်အပိုင်းများ ဖြစ်ကြပြီး မြန်မာနိုင်ငံ၏ လေယာဉ်ဆီကဏ္ဍကို ချုပ်ကိုင်ထားသည့် ကုမ္ပဏီများဖြစ်ကာ၊ မြန်မာ့လေတပ်အတွက် လေယာဉ်ဆီများ ဝယ်ယူတင်သွင်းနေသည့် အထဲတွင် ပါဝင်သည်ဟု ယူကေအစိုးရက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှ များအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နဲ့ ကိရိယာအရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာဖြစ်ပါတယ်” ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောကြားသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများမှ တဆင့် အကြမ်းဖက်ခြင်း၊ အတိုက်အခံအင်အားစုများကို ရက်ရက်စက်စက်ဖြိုခွင်းခြင်း၊ လူ့အခွင့်အရေးများကို ရှက်ရွံ့မှုမရှိ ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းများအတွက် စစ်အစိုးရအနေဖြင့် မဖြစ်မနေ တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ယူကေနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အာရှေနေ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်တွင် ဦးဇော်မင်းထွန်းသည် ဒါရိုက်တာနှင့် တစ်ဦးတည်း အစုရှယ်ယာရှင်အဖြစ်ပါဝင်ကာ၊ ဦးဝင်းကျော်ကျော်အောင်သည် ယခင်ဒါရိုက်တာနှင့် အစုရှယ်ယာရှင်တစ်ဦး ဖြစ်သည်ဟု ယူကေအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လေယာဉ်ဆီ #အရေးယူပိတ်ဆို့မှု #UK