စစ်တပ်အတွက် လေယာဉ်ဆီ၀ယ်ယူပေးနေသည့် Asian Sun Group ကို နိုင်ငံတကာအစိုးရများမှ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ပေးရန် Justic for Myanmar တောင်းဆို

Author လင်းခိုင်
Categories
Published on Dec 12, 2022

 

အကြမ်းဖက် စစ်တပ်အတွက် လေယာဉ်ဆီ၀ယ်ယူပေးနေသည့် Asian Sun Group ကို အမေရိကန်၊ ယူကေ၊ အီးယူ၊ သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ မှဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးရန် Justic for Myanmar က တောင်းဆိုထားသည်။

“အမေရိကန်၊ ယူကေ၊ အီးယူ၊ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ Asia Sun Group နဲ့ ပါ၀င်ပတ်သက်သူ အားလုံးအပေါ် ကနေဒါနဲ့အတူ အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှု တွေပူးပေါင်းချမှတ်ဖို့ တောင်းဆိုပါတယ်။ အစိုးရတွေအနေနဲ့လည်း စစ်အုပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်နိုင်တဲ့ အခြေအနေကို ရပ်တန့်ပစ်နိုင်ဖို့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့သင့်ပါတယ်။ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့နေတာကို ချက်ချင်းပိတ်သင့်ပြီးတော့ ၊ စစ်လက်နက်ပွဲစားအားလုံးကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ပါတယ်” ဟု Justic for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

Asian Sun Group သည် မြန်မာစစ်တပ်၏ ပြည်တွင်းမိတ်ဖက်ဖြစ်ပြီး၊ လေယာဉ်ဆီ၀ယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းများကို မြန်မာစစ်တပ်ဆီ တိုက်ရိုက်ပို့ဆောင်မှုများပြုလုပ်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည့်အတွက် ကနေဒါနိုင်ငံသည် ဒီဇင်ဘာ ၁၀ ရက်တွင် လူ့အခွင့်အရေးအထိမ်းအမှတ်အဖြစ် ယင်းကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

ထို့ပြင် ကနေဒါနိုင်ငံသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများဖြစ်သည့် Dynasty International Company Limited နှင့် International Gateways Group တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

“ စစ်အုပ်စုက စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမြောက်တဲ့လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်လာချိန်မှာ ကနေဒါနိုင်ငံက စစ်တပ်ရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူတာကို ကြိုဆိုပါတယ်။ အခုလို မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်ကို ပစ်မှတ်ထားအရေယူတာ ကနေဒါဟာ ကမ္ဘာမှာ ပထမဆုံးဖြစ်ပါတယ်” ဟု မရတနာမောင်ကပြောကြားသည်။

လက်နက်ပွဲစားများဖြစ်သည့် Dynasty International Company Limited သည် မြန်မာစစ်တပ်အတွက် ဘယ်လာရုစ်၊ ရုရှားနှင့် ဂျာမဏီနိုင်ငံတို့ဆီမှ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ၀ယ်ယူရာတွင် ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး၊ International Gateways Group သည် တရုတ်နိုင်ငံက စစ်လက်နက်များ ၀ယ်ယူပေးသည့် အဓိက လက်နက်ပွဲစားများဖြစ်သည်။

စစ်ကောင်စီသည် မြန်မာသူများကို အကြမ်းဖက်စစ်ဆင်နွှဲရာတွင် လေတပ်ကို မှီခိုအားထားနေပြီး၊ မကြာသေးမီက အရပ်ဘက်နှင့် စစ်ရေးပစ်မှတ်မခွဲခြားဘဲ တရားမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်၊ အနန့်ပါတွင် လူ ၈၀ ကျော်သဆေုံးခဲ့သည့်ဖြစ်ရပ်နှင့်၊ စစ်ကိုင်းတိုင်းရှိ စာသင်ကျောင်းတစ်ခုကို လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့သည့်ဖြစ်ရပ်များပါ၀င်ကြောင်း Justic for Myanmar ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ- Justic for Myanmar
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လေယာဉ်ဆီ