စစ်တပ်သည် အကြမ်းဖက် လုပ်ရပ်များ အရှိန်မြှင့်လုပ်ဆောင်ရန် တရားသူကြီးများကို အမိန့်ပေးခိုင်းစေနေကြောင်း CRPH ဆို
စစ်တပ်သည် အကြမ်းဖက် လုပ်ရပ်များ အရှိန်မြှင့်လုပ်ဆောင်ရန် တရားသူကြီးများကို အမိန့်ပေး ခိုင်းစေနေကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ယနေ့(အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) တွင်ထုတ်ပြန်ထားသည်။
ယနေ့တွင် နိုင်ငံအများအပြား၌ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးတို့ကို ကာကွယ်မြှင့်တင်နိုင်ရေးအတွက် ဆင်နွှဲနေကြသော်လည်း မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအများစုသည် လူ့အခွင့်အရေးဆိုသည် နှင့် ဝေးကွာလျက်ရှိခြင်းသည် ၀မ်းနည်းဖွယ်ကောင်းလှကြောင်း CRPH က ဆိုသည်။
စစ်အာဏာရှင်သည် မြန်မာပြည်သူများအပေါ် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ စစ်တပ်သည် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ တရားဥပဒေဘောင်ကို ကျော်လွန်ပြီး တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ပိုင်ဆိုင်မှု သိမ်းယူခြင်းတို့ကို ပုံမှန်အလေ့အထားများ ကဲ့သို့ပြုမှုဆောင်ရွက်နေပြီး၊ ယခုအခါ အပြစ်မဲ့ ပြည်သူ ၂၅၆၅ ဦးသတ်ဖြတ်ခံရပြီး ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အရပ်သား ပြည်သူ ၁၆၅၄၀၀ ဦးနှင့်အထက်ရှိကြောင်း CRPH က ထုတ်ပြန်ထားသည်။
အာဆီယံအပါအ၀င် နိုင်ငံတကာသည် အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် သေဒဏ်ပေးမှုများ ဖျက်သိမ်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အကြမ်းဖက်စစ်တပ်သည် ယင်းတို့၏ လုပ်ရပ်များကို မရပ်တန့်သည့်အပြင် ပိုမိုအရှိန်မြှင့်တင် လုပ်ဆောင်နေပြီး မကြာသေးမီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်ရန် တရားသူကြီးများကို အမိန့်ပေးစေခိုင်းခြင်းမှ တဆင့် တွေ့မြင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကြသည့် အရပ်သား ပြည်သူ ၁၄၀ ကျော်ကို သေဒဏ်ချမှတ်ပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အပါအ၀င် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့် ဦးဆောင်သူ ၄ ဦးကို လည်း စစ်တပ်က ကွပ်မျက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် စစ်တပ်သည် ပြည်သူများနေထိုင်ရာ သို့ ရက်စက်စွာလေကြောင်းအင်အားသုံးပြီး တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ရာချီသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ အရပ်သားပြည်သူများ နေထိုင်ရာ သို့ ခွဲခြားမှုမရှိ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်နှင့် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် ထွက်ပြေးတိမ်းရှောင် နေရသူများ၏ အိုးအိမ်များကို တရားမ၀င် သိမ်းပိုက်နေသည်ဟု CRPH ကဆိုသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး တရားမ၀င်အာဏာသိမ်းထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တရားမ၀င် အမည်ခံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် တာ၀န်ရှိကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း လိုက်နာခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် CRPH အနေဖြင့် တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရေစီကို အသက်ပေးပြီး ခုခံကာကွယ်နေကြသူများ အပေါ် အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သည့် လူမဆန်သော လုပ်ရပ်များအတွက် တရားမျှတမှုရရှိရေးနှင့် အကြမ်းဖက်စစ်တပ်မှ တာ၀န်ခံမှုရှိစေရန် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CRPH #လူ့အခွင့်အရေး