စစ်တပ်မှ (၂၈)နှစ်ကျော် ထိန်းချုပ်ထားသည့် ရှင်းဝမ်ဒေသအား MNDAA ပြန်လည်သိမ်းပိုက်၊ စစ်ကောင်စီမှ (၂၇၂) ဦး လက်နက်ချ အလင်းဝင်

Author အဂ္ဂ
Categories
Published on Nov 29, 2023

ရှမ်းပြည်(‌မြောက်ပိုင်း)၊ ကိုးကန့်ခရိုင်၊ ရှင်းဝမ်ဒေသရှိ ကုန်းကြမ်းစခန်းကြီးမှ စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့် မိသားစုဝင်များ စုစုပေါင်း (၂၇၂) ဦးသည် ယမန်နေ့ (နိုဝင်ဘာ ၂၈) တွင် ကိုးကန့်တပ် (MNDAA) ထံ အလံဖြူပြကာ လက်နက်ချ အလင်းဝင်လာပြီးသည့်နောက်တွင် စစ်ကောင်စီတပ်က (၂၈) နှစ်ကျော်ကြာ ထိန်းချုပ်ထားသည့် ကုန်းကြမ်းစခန်းကြီး အပါအဝင် စခန်းပေါင်းခြောက်ခုကို သိမ်းယူနိုင်ခဲ့ကာ ရှင်းဝမ်ဒေသ တစ်ခုလုံးကိုပါ အပြီးသတ် ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဟု MNDAA က ယနေ့ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရှင်းဝမ်ဒေသ ကုန်းကြမ်းနေရာရှိ တပ်စခန်းများကို ကိုးကန့်တပ်များက နိုဝင်ဘာ (၂၄) ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ထိုနေ့တွင် ကိုးကန့်တပ်အင်အားတချို့မှ တာရှမ်၊ တာတွေတွေနှင့် စံခေါ်ကျွမ်နေရာရှိ စခန်းငယ်များကို စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ(၂၅) ရက်နေ့တွင် နောက်ထပ်အင်အား တချို့မှက  ကျင်ထနှင့် ချင်ချိုင့်ထန်နေရာရှိ စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆက်လက်၍ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (နိုဝင်ဘာ ၂၈) တွင်မူ ကုန်းကြမ်းစခန်းကုန်း အပါအဝင် စခန်းအားလုံးကို အပြတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ကုန်းကြမ်းစခန်း ကုန်းကြီးတိုက်ပွဲတွင် ကိုးကန့်တပ်များ၏ အပြင်းအထန် ထိုးစစ်ဆင်မှုကြောင့် ယမန်နေ့တွင် ထိုစခန်းကုန်းရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၅) ၏ တပ်ရင်းမှူးမှာ အလံဖြူထောင်ကာ ရဲဘော်တစ်ဦးနှင့်အတူ လက်နက်ချ အလင်းဝင်ရန် တောင်းဆိုခဲ့ပြီး ဒဏ်ရာရလူနာများ ကယ်ဆယ်‌ပေးရန်နှင့် မိသားစုဝင်များ၏ နေရေးထိုင်ရေး စီစဉ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ကိုးကန့်တပ်ဘက်မှ တောင်းဆိုချက်များကို သဘောတူလိုက်ပြီးနောက် ယမန်နေ့ ညနေ (၄) နာရီခန့်တွင် ခလရ (၁၂၅)မှ တပ်သား (၉၃) ဦး၊ စကခ (၁၆) မှတပ်သား (၃၆) ဦး၊ စကခ (၁၂) မှ တပ်သား (၁၄) ဦးနှင့် တပ်မိသားစုဝင် (၈၆)ဦး၊ ကော်မျိုးနွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဗမာလူမျိုး (၂၇) ဦး၊ စစ်ဆင်ရေးအကြံပေး (၅) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁၁) ဦး စုစုပေါင်း အင်အား (၂၇၂) ဦးတို့သည် လက်နက်ချ အလင်းဝင်ခဲ့သည်ဟု သိရသည်။

 

ကုန်းကြမ်းစခန်းကြီးကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုကဲ့သို့ လက်နက်ချ အလင်းဝင်ခဲ့သဖြင့် စစ်ကောင်စီတပ်က (၂၈) နှစ်ကျော်ကြာ ထိန်းချုပ်ထားခဲ့သည့် ကုန်းကြမ်းစခန်းကြီးကုန်း အပါအဝင် ရှင်းဝမ်ဒေသရှိ စခန်းကုန်းအားလုံးကို သိမ်းယူနိုင်ခဲ့ကာ ရှင်းဝမ်ဒေသတစ်ခုလုံးကို ကိုးကန့်တပ်များက ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီလည်း ဖြစ်သည်။ နှစ်ပေါင်း (၂၈) နှစ်ကျော် အကြာတွင်မှ ရှင်းဝမ်ဒေသကို ထိုကဲ့သို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းသည် သမိုင်းဝင် စစ်အောင်ပွဲကြီးကို ထပ်မံဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည် ဟုလည်း MNDAA ၏ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

 

ရှင်းဝမ်ဒေသတစ်ခုလုံး ထိန်းချုပ်နိုင်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင်လည်း စစ်သုံ့ပန်းအချို့ကို ထပ်မံဖမ်းဆီး ရမိခဲ့သေးသည်ဟု ဆိုသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့မှ ယနေ့ (နိုဝင်ဘာ ၂၉) အထိ တစ်လကျော်အတွင်း စစ်ကောင်စီသည် ရှမ်းမြောက်တစ်ခွင်ရှိ မြို့ (၇) မြို့ တပ်စခန်းပေါင်း (၂၂၀) ကျော်အထိ လက်လွှတ်ထားရပြီး စစ်ကောင်စီတပ်သားများကလည်း တိုက်ပွဲအတွင်းတွင် လက်နက်ချခြင်းမျိုးလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ကိုးကန့်တပ်ထံ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်သည့်တပ်ရင်းမှာ သုံးခုရှိနေပြီလည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး လေးရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ (၃၀) ရက်နေ့တွင် ကွမ်းလုံမြို့နယ်ရှိ ခလရ (၁၄၃) မှ အရာရှိစစ်သည်အပါအဝင် အင်အား (၄၁) ဦး ကိုးကန့်တပ်ထံလက်နက်ချ အလင်းဝင်ခဲ့သလို ပြီးခဲ့သည့် နိုဝင်ဘာ (၁၂) ရက်နေ့တွင်လည်း ‌ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လောက်ကိုင် လက်အောက်ရှိ ခမရ (၁၂၉) မှ ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်သားနှင့် မိသားစုဝင် စုစုပေါင်း (၁၂၇) ဦး လက်နက်ချအလင်းဝင်ခဲ့သေးသည်။ ထို့ကြောင့် ယမန်နေ့က လက်နက်ချ အလင်းဝင်သည့် ခလရ (၁၂၅) နှင့်ပါဆိုလျှင် ကိုးကန့်တပ်ထံ တပ်ရင်းလိုက်လက်နက်ချ အလင်းဝင်သည်မှာ တပ်ရင်းသုံးခုရှိပြီ ဖြစ်သည်။

 

လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီဘက်မှ တပ်သားများနှင့် မိသားစုဝင်များ အခြေအနေများနှင့် ပတ်သက်၍ CJ Platform ၏ မေးမြန်းမှုကို  ညီနောင်သုံးဖွဲ့အနေဖြင့် ထုတ်ပြန်ချက်များထုတ်ထားသလို အဆိုပါ ထုတ်ပြန်ချက်များအတိုင်း လုပ်ဆောင်သွားမည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ယနေ့နံနက်ပိုင်းက ဖြေကြားထားသည်။

 

လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များကိုလည်း ဆုငွေများချီးမြှင့်ကာ ၄င်းတို့သွားလိုသည့် နေရာများသို့ လုံခြုံစွာ ပို့ဆောင်ပေးခဲ့သည်ကိုလည်း MNDAA ထုတ်ပြန်ချက်များအရ သိရသည်။