စစ်တပ်ပိုင်ကုမ္ပဏီများဖြင့် စီးပွားရေးပတ်သက်နေသည့်အတွက် ရိုးမဘဏ်တွင် IFC ကရင်းနှီးမြှုပ်နှံထားမှုများ ပြန်လည်ရုတ်သိမ်း

Author လင်းခိုင်
Categories
Published on Dec 20, 2022

 

စစ်တပ်ပိုင်ကုမ္ပဏီများဖြင့် စီးပွားရေးပတ်သက်နေသည့်အတွက် ရိုးမဘဏ်တွင် IFC ကရင်းနှီးမြှုပ်နှံထားမှုများ ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း Justice for Myanmar က ယနေ့တွင် ထုတ်ပြန်ထားသည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) ကရိုးမဘဏ်၏ ၄ဒသမ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး၊ ယင်းပိုင်ဆိုင်သည့် အစုရှယ်ယာအားလုံးကို First Myanmar Investment (FMI) ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချနေကြောင်း သိရသည်။

ယခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် IFC မှ ရှယ်ယာရောင်းချမှုကို FMI၊ Yoma Bank တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။

“မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ဆောင်တာတွေကို ရိုးမဘဏ်က မတားဆီးနိုင်တဲ့အခြေအနေမှာ IFC က ရိုးမဘဏ်ကနေနုတ်ထွက်လိုက်တာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ IFC အနေနဲ့ အမေရိကန်ပြည်ထောင်စု ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ စစ်ထောက်ချုပ်ရုံးဆီက ငှားရမ်းမြေနေရာမှာ တည်ဆောက်ထားတဲ့ Sule Square ရုံးခန်း ငှားရမ်းအသုံးပြုနေတာကိုလည်း ရပ်တန့်ရမှာဖြစ်တယ်။ စစ်အုပ်စု၊ သူ့ရဲ စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ မိတ်ဖက်တွေနဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကိုလည်း ရပ်တန့်ရမှာဖြစ်ပါတယ်” Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။

ထို့ပြင် ရိုးမဘဏ်၏ အခြားနိုင်ငံတကာရင်းနှီးမြှုပ်နှံသူများဖြစ်သည့် Norfund နှင့် GIC တို့အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာ၀န်၀တ္တရားနှင့်အညီ တာ၀န်ခံမှုရှိရှိ နုတ်ထွက်ကြရန် Justice for Myanmar က တောင်းဆိုထားသည်

Distributed Denial of Secrets က ထုတ်ဖော်မှုတွင် ရိုးမဘဏ်သည် စစ်တပ်ပိုင် အင်းအ၀ဘဏ်သို့ ငွေလွှဲပေးပို့မှု ၂၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း၊ အင်း၀ဘဏ်ကို အမေရိကန်၊ အီးယူ၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားကြောင်း၊ ရိုးမဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်းစာရင်း၀င် ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် FMI ကထိန်းချုပ်ထားပြီး၊ အဆိုပါ ကုမ္ပဏီကို Serge Pun ကဦးဆောင်သည်ဟု Justice for Myanmar က ဆိုသည်။
ဓာတ်ပုံ- Justice for Myanmar
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရိုးမဘဏ်