စစ်တပ်စစ်ကြောင်းကြောင့် ဒီပဲယင်းဒေသခံသောင်းနှင့်ချီ မိုးထဲရေထဲတိမ်းရှောင်နေရ

Author ခေတ်နီ
Categories
Published on Sep 30, 2023

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မှုကြောင့် ဒေသခံ တစ်သောင်းကျော်သည် ဘေးလွတ်ရာကိုတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေးကူညီသူများထံမှ သိရသည်။

ဒီပဲယင်းမြို့ပေါ်မှထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ ခလရ ၇၁ စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၇ နာရီမှစတင်ကာ ယင်းတွေကျေးရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

ထိုသတင်းကြောင့် ယင်းတွေ၊ ပုဂံ၊ လက်တီး၊ အောင်ချမ်းသာနှင့် မှန်သာရွာများအပါအဝင် ကျေးရွာ ၁၄ ရွာထက်မနည်းမှ ဒေသခံသောင်းနှင့်ချီ၍ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ရှောင်က တစ်သောင်းကျော်လောက်စစ်ရှောင်နေရပြီဗျ။ မနေ့ကလည်း မိုးရွာထားတော့ ရွံထဲဗွက်ထဲမှာ တိမ်းရှောင်နေရတာပေါ့။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေက ဒီ ၂၇ ရက်နေ့ကတည်းက စစ်ရှောင်နေရတာပေါ့။ စစ်ရှောင်ရက်ရှည်လာတော့ ရိက္ခာလိုအပ်ချက်ရှိလာတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့နယ်မှဝင်ရောက်သည့်စစ်ကြောင်းဖြစ်ပြီး လက်ရှိတွင် လက်တီးကျေးရွာအတွင်းဝင်ရောက်နေကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးကာလရှည်ကြာလာမှုကြောင့် စစ်ရှောင်များကို စောင့်ရှောက်ပေးနေရသည့်ကျေးရွာများတွင် စားနပ်ရိက္ခာလိုအပ်ချက်များရှိလာနေကြောင်း သိရသည်။