စစ်တပ်က ၂ နှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၂၀ ကျော်တွင် အရပ်သား ၆၀၀ နီးပါးသတ်ဖြတ်ခဲ့ဟု NLD ဆို

Author မင်းထက်
Categories
Published on Oct 11, 2023

စစ်ရာဇဝတ်မှုကျူးလွန်နေသော အာဏာသိမ်းစစ်တပ်သည် (၁၀)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၂၀ ကျော်အတွင်း အရပ်သားပြည်သူ ၅၉၀ ကျော်သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ယနေ့အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည်ရကကကရကရ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် အကျဥ်းချသတ်ဖြတ်ခြင်းများဖြင့် ရက်စက်စွာပြုလုပ်ခဲ့သည်။

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမှာ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့အထိ ၂ နှစ်အတွင်း ၂၂ ကြိမ်တွင် ပြည်သူ ၅၉၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း NLD ၏ လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့မှရရှိထားသော စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုစာရင်းများအရ သိရသည်။

ယင်းကဲ့သို့ သတ်ဖြတ်ကျူးလွန်ခြင်းများကို ၎င်းတိုစြစ်အုပ်စုကို အဓိကခုခံတော်လှန်နေသော မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကချင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့အတွင်းမှ အရပ်သားပြည်သူများကို စစ်တပ်က အဓိကပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် NLD ပါတီက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၉) ရက်၊ ည ၁၁ နာရီခွဲ ခန့်က ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ခြင်းကိုလည်း ကြားသိရခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ စစ်တပ်သည် လူသားမျိုးနွယ်ပျက်သုဥ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်မှာ ထင်ရှားနေသောကြောင့် စစ်ကောင်စီကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှုရရှိရေးတို့အတွက် NLD အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမ်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်နေသော ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေးအကြောင်းပြကာ အရပ်သားပြည်သူလူထု၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျကို စနစ်တကျ ဆက်တိုက်ကျူးလွန်လျက်ရှိနေသည်။

စစ်ကောင်စီ၏ လုပ်ရပ်များကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုများရပ်တန့်ရေးနှင့် ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရားမျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခုထက်ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးကြရန်လည်း NLD က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။